Wednesday, May 22, 2019

မန္တလေးတိုင်းဒေသကြီးတွင် အသစ်ဖွင့်လှစ်ထားသော တိုင်းရင်းဆေးဝါးစက်ရုံ အလုံးစုံ လည်ပတ်နိုင်ရန် လိုအပ်သော ဘဏ္ဍာငွေများကို လာမည့်နှစ်တွင် ဖြည့်ဆည်းပေးမည်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးဝါး စက်ရုံကို မတ် ၁၉ ရက်က စတင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါစက်ရုံသစ်ကြီးအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ စတင်ဆောက်လုပ်ခဲ့ရာတည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ်ငွေ ၃ ဒသမ ၆၅ ဘီလျံနှင့် စက်နှင့် စက်ပစ္စည်းများအတွက် ကျပ်ငွေ ၁ ဒသမ ၀၂ ဘီလျံ စုစုပေါင်း ကျပ်ငွေ ၄ ဒသမ ၆၇ ဘီလျံ ကျခံသုံးစွဲခဲ့ကြောင်း သိရသည်။



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကုန်ကျငွေနှင့် ထိုက်တန်သည့် အကျိုးရလဒ်နှင့် စွမ်းဆောင်ရည်အပြည့် ထုတ်လုပ်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားရန်နှင့် ယခု စက်ရုံစတင် ဖွင့်လှစ်သည့်အချိန်၌ အပြည့်အဝ ထုတ်လုပ်လည်ပတ်နိုင်ခြင်း မရှိသေးသော်လည်း အလုံးစုံ အပြည့်အဝ လည်ပတ်ထုတ်လုပ်နိုင်ရန် လိုအပ်သော ဘဏ္ဍာငွေများကို ၂၀၁ ၉ -၂၀၂၀ ဘဏ္ဍာနှစ်၌ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စက်ရုံ အပြည့်အဝလည်ပတ်နိုင်ရန် စက်ရုံ၏ ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသွားရန်ရှိပြီး သုတေသနဌာန၊ စီမံကိန်းဌာန၊ သတင်းအချက်အလက်နှင့် စာရင်းဇယား မှတ်တမ်းဌာန၊ လေ့လာသုံးသပ် စောင့်ကြည့်ရေးဌာနများ ဖွဲ့စည်းဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဝါးစက်ရုံ ပိုမိုတိုးတက်ဖွံ့ဖြိုးပြီး အရည်အသွေး ပြည့်ဝ၍ ဘေးအန္တရာယ်ကင်းသော ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးသုတေသနဦးစီးဌာန၊ ဆေးဝါးတက္ကသိုလ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လက်တွေ့အသုံးချ သုတေသနနှင့် အခြေခံသုတေသနများကို အလေးထား ဆောင်ရွက်သွားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်း ပြောကြားထားကြောင်း သိရသည်။

လက်ရှိ မြန်မာ့တိုင်းရင်းဆေးနှင့် ကျန်းမာရေး ဖြည့်စွက်စာများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် လုပ်ဆောင်ပေးနေပြီး တင်ပို့လိုသည့် တိုင်းရင်းဆေးဝါးအလိုက် ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ စ၍ လက်ရှိထိ ရှမ်းမောမြေ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ သုံးခု၊ အဘထ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ နှစ်ခု၊ Royal Ruby တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ နှစ်ခုနှင့် FA ME Pharmaceuticals မှ ၅၃ ခု၊ ထောက်ခံချက် စုစုပေါင်း ၆၀ ကို ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် ဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေး ကုန်ကြမ်းများ တင်သွင်းလိုပါက ပရဆေးကုန်ကြမ်း ထောက်ခံချက် ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းဆေးကုန်ကြမ်းများ ပြည်ပမှ တင်သွင်းခြင်းအပါအဝင် ကုန်ကြမ်း ထောက်ခံချက် အရေအတွက် ၂၇၅ မျိုးကို ထောက်ခံချက် ပေးခဲ့ကြောင်းလည်း သိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးနှင့်ပတ်သက်၍ မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ထောက်ခံချက်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများအား တိုင်းရင်းဆေးဝါး လုပ်ငန်းရှင်များက ဆောင်ရွက်ရာတွင် လွယ်ကူစေရန် ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်) ဖုန်း ၀၆၇-၄၃၁၀၉၄၊ ဒုတိယညွှန်ကြားရေး (ဆေးဝါး) ဖုန်း ၀၆၇-၄၃၁၁၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးဝါးနှင့် ပရဆေးဥယျာဉ်ဌာနခွဲသည် ဆေးရုံဆေးခန်းများတွင် လိုအပ်သော ဆေးဝါးများ ထုတ်လုပ်ပေးခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ရေး လိုင်စင်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ပရဆေးဥယျာဉ်များ တည်ထောင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment