Wednesday, May 22, 2019

အသေးစား အဂတိလိုက်စားမှုမကျဆင်းရသည့် အကြောင်းရင်းသည် ရုံးဌာနတွင်း အဂတိလိုက်စားနေမှုများကြောင့်ဖြစ်ဟုဆို

မြန်မာနိုင်ငံတွင် အသေးစားအဂတိလိုက်စားမှု မကျဆင်းရသည့် အဓိကအကြောင်းအရင်းသည် ရုံးဌာနများတွင် အရိုးစွဲနေသည့်ဌာနတွင်း အဂတိလိုက်စားနေမှုများကြောင့်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က မေလ ၂၀ ရက်တွင်ပြောသည်။ြ ပည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများအပေါ် ပြန်လည်ရှင်းလင်းရာတွင် ကော်မရှင်ဥက္ကဌက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။



ဌာနတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဦးစီးဌာန အကြီးအမှုးများ၊ လုပ်ငန်းဌာနအကြီးအမှုးများ၏ အားထုတ်မှုပေါ်တွင်သာ မူတည်ကြောင်း၊ဌာနဆိုင်ရာများ အောက်ခြေတွင် ဖြစ်ပွားနေသည့် အဂတိလိုက်စားမှုများကို ဖုံးဖိပေးနေသည့် အထက်အရာရှိများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ကပြောသည်။

ကော်မရှင်၏ စိစစ်တွေ့ရှိချက်များမှာ အောက်ခြေမှ အထက်သို့ ပံ့ပိုးပေးမှုများကို တွေ့ရှိခဲ့ရပြီး ၊ အောက်ခြေက အကျင့်ဖောက်ပြန်မှု ကျူးလွန်သည့်အခါ အထက်က လာရောက်စစ်ဆေးသည့် အရာရှိများကိုယ်တိုင်က ဖြစ်ရပ်မှန်ကို ဖော်ထုတ်စစ်ဆေး အရေးယူရမည့်အစား ကျူးလွန်ခဲ့သော အပြစ်များကို ဖုံးဖိပြုပြင်ပေးခဲ့ပြီး ပေါ့လျော့အောင်ပြုလုပ်ခဲ့မှုကိုလည်း ကော်မရှင်က အရေးယူခဲ့ရကြောင်း ဥက္ကဌ ဦးအောင်ကြည်က ထည့်သွင်းပြောဆိုခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံးတွင် ဓလေ့စရိုက်သဖွယ်ပျံ့နှံ့နေသည့် အဂတိလိုက်စားမှု စနစ်ဆိုးကို တိုက်ဖျက်ရာတွင်ချဉ်းကပ်နည်း သုံးမျိုးကို အသုံးပြုဆောင်ရွက်လျက် ရှိသည်ဟုလည်း ဦးအောင်ကြည်က ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment