Wednesday, May 22, 2019

အပေးအယူရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆက်လက်ရိုက်ကူး

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပြီး သရုပ်ဆောင် အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ အေးမြတ်သူ၊ ရွှေသမီး၊ ကလေးသရုပ်ဆောင် နန်းထိပ်ထားနှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သည့် အပေးအယူရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ယနေ့နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရိုက်ကူးကြသည်။


အဆိုပါ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ကြိုတင် ပြင်ဆင်မှုအနေဖြင့် ရိုက်ကွင်းနေရာများကို တိတိကျကျသတ်မှတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန မှတစ်ဆင့် ခွင့်ပြုမိန့်လျှောက်ထားခဲ့ရာ ခွင့်ပြု ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ သုံးရက်အတွင်း အကြောင်းပြန်ကြားပေးခဲ့ကြောင်း၊ ရိုက်ကူးခွင့် လျှောက်ထားရာတွင် ယခင်က လနှင့်ချီပြီး ကြာသော်လည်း ယခုအခါ သုံးလေးရက်အတွင်း အကြောင်းပြန်ပေးသည့်အတွက် ပိုမိုအဆင်ပြေ လာကြောင်း ဒါရိုက်တာ စတီးလ်က ပြောသည်။

]]ရန်ကုန်လေယာဉ်ကွင်းမှာ ရိုက်ရတာ အခက်အခဲရှိလို့ နေပြည်တော်မှာ လာလျှောက် တော့ ရိုက်ခွင့်ရတယ်။ လွယ်လွယ်ကူကူပဲ။ ဒါပေမယ့် အကန့်အသတ်တွေ အများကြီး ရှိနေတယ်။ လုံခြုံရေးကိစ္စတွေကြောင့် ကျွန်တော် တို့ကို ကန့်သတ်လို့ရပါတယ်။ ဒါပေမယ့် တချို့ ကန့်သတ်ချက်တွေကတော့ ဖြေလျှော့ပေးမယ် ဆိုရင် ပိုကောင်းပါမယ်။ ဥပမာ ဒီနေရာမှာ လုံခြုံရေးအရ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ၊ ဘယ်နေရာကနေ ဘယ်နေရာအထိဆိုတာလေး သေသေချာချာလေး တိတိကျကျ သတ်မှတ် ပေးရင် ပိုကောင်းပါမယ်။ လေဆိပ်မှာရိုက်ရတာ လေးတော့ အခက်အခဲရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ တင်ပြလိုက်မယ်ဆိုရင်တော့ ဖြည့်ဆည်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်}}ဟု ယနေ့ နေပြည်တော်လေဆိပ်အတွင်း ရိုက်ကူး ရာတွင် အခက်အခဲအချို့ရှိခဲ့မှုနှင့် ပတ်သက်၍ ဒါရိုက်တာ စတီးလ်က ပြောသည်။
ယနေ့ရိုက်ကူးလျက်ရှိသည့် အပေးအယူ ရုပ်ရှင်ဇာတ်ကားတွင် တက်သစ်စသရုပ်ဆောင် များစွာပါဝင်ပြီး သရုပ်ဆောင် အလင်းရောင်က စိန်မှောင်ခိုတစ်ဦးအဖြစ် ပါဝင်ထားကာ ကလေး သရုပ်ဆောင် နန်းထိပ်ထားကလည်း သရုပ်ဆောင် ရွှေသမီး၏ ညီမအဖြစ် ပါဝင်သရုပ်ဆောင်ထား ကြောင်း သိရသည်။
အပေးအယူရုပ်ရှင်ဇာတ်ကား၌ ပါဝင်ဖြစ်ပုံ ကို ကလေးသရုပ်ဆောင် နန်းထိပ်ထားက ]] ဒီရုပ်ရှင်ကားမှာ သမီး ပထမဆုံးအကြိမ် သရုပ်ဆောင်တာပါ။ ရုပ်ရှင်ရိုက်တာ မကြည့်ဖူးလို့ သွားကြည့်တဲ့အခါမှာ ဒါရိုက်တာ ဦးစတီးလ်က မမရွှေသမီးနဲ့တူတယ်ဆိုပြီး ကမ်းလှမ်းလို့ ရိုက်ဖြစ် သွားတာပါ။ သမီးက ‘ဒီရုပ်ရှင်ကားထဲမှာ မမရွှေသမီးရဲ့ ညီမလေးအဖြစ် သရုပ်ဆောင် ရပါတယ်}}ဟု ပြောပြသည်။
မြန်မာ့ရုပ်ရှင်လောက မြှင့်တင်ရေးအတွက် နေပြည်တော်တွင် ရုပ်ရှင်စတူဒီယိုများ အမြန် တည်ဆောက်ပေးစေလိုကြောင်း၊ နေပြည်တော် တွင် မြေနေရာ ကျယ်ကျယ်ဝန်းဝန်းရှိသည့်အတွက် ရုပ်ရှင်စတူဒီယိုများ တည်ဆောက်ရန် အခက်အခဲ မရှိနိုင်ကြောင်း၊ သဘာဝကျပြီး ပရိသတ်ကို ဆွဲဆောင်နိုင်မည့် ရုပ်ရှင်ဇာတ်ဝင်ခန်းအချို့ကို စတူဒီယိုထဲတွင် ရိုက်ခွင့်ရမည်ဆိုပါက ပိုမိုအရည် အသွေးပြည့်မီသော ရုပ်ရှင်ဇာတ်ကားများ ဖန်တီး နိုင်မည်ဖြစ်ကြောင်း၊ ခေတ်မီရုပ်ရှင်စတူဒီယိုများ မြန်မြန်ပေါ်လာစေလိုကြောင်း ဒါရိုက်တာ စတီးလ် က ပြောသည်။
ရုပ်ရှင်ရိုက်ကွင်းအဖြစ် နေပြည်တော် တစ်မြို့လုံးကို သဘောကျပြီး နောက်ထပ်ရိုက်မည့် ငါတို့သည် ရုပ်ရှင်ဇာတ်ကားတစ်ကားကိုလည်း နေပြည်တော်ရှိ လှေခွင်းတောင်ဘက်တွင် သွားရောက်ရိုက်ကူးရန် ရည်ရွယ်ထားကြောင်း သိရသည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင် များအဖြစ် အလင်းရောင်၊ ခါရာနှင့် တိုင်ရွန် စသည့် လူငယ်သရုပ်ဆောင်များစွာဖြင့် ဇူလိုင်လအတွင်း ရိုက်ကူးရန် ရည်ရွယ်ထားကြောင်း သိရသည်။

No comments:

Post a Comment