Wednesday, May 22, 2019

မိတ္ထီလာ မြို့မရဲစခန်းအိမ်ရာ လိုင်းခန်းအတွင်း ရဲအုပ်နှင့်ဇနီးအား သေနတ် ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည့် အမှုကို CID က ဆက်လက် စစ်ဆေး

မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် မြို့မရဲစခန်း လိုင်းခန်းအိမ်ရာဝင်းအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသော ရဲအုပ်နှင့် ဇနီးအမှုအား CID မှ ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ မေ ၁၆ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ ပေါက်ချောင်း ရပ်ကွက်အတွင်းရှိ မြို့မရဲစခန်းဝင်းနေ ဒေါ်ဆွေဆွေသန်းသည် လိုင်းခန်းအိမ်ရာ ခြောက်ခန်းတွဲ နှစ်ထပ်ဆောင် အပေါ်ထပ် အခန်း (၇)နေ ရဲအုပ် အောင်နိုင်ထွန်း၏ ဇနီးသည် ဒေါ်မြင့်မြင့်သိန်းအား ဈေးဝယ်ရန် သွားရောက် ခေါ်ဆောင်ခဲ့ရာ နေအိမ်အတွင်းမှ အသံမကြားသဖြင့် အခန်းပြတင်းပေါက်မှ တစ်ဆင့် ကြည့်ရှုခဲ့ရာ ဧည့်ခန်းအတွင်းရှိ သင်ဖြူးဖျာပေါ်တွင် ရဲအုပ် အောင်နိုင်ထွန်းသည် လက်ယာဘက် လက်တွင် ခြောက်လုံးပြူးသေနတ် ကိုင်လျက်ဖြင့် တောင်ဘက် ခေါင်းပြူလျက် လဲနေခဲ့ပြီး
ဒေါ်မြင့်မြင့်သိန်းမှာ အနောက်ခေါင်းပြုကာ လဲလျက် သွေးထွက်နေသည်ကို တွေ့မြင်ခဲ့ရသဖြင့် အော်ဟစ် အကူအညီတောင်းခဲ့သဖြင့် တာဝန်ရှိသူများမှ သက်သေများနှင့်အတူ ဝင်ရောက် စစ်ဆေးခဲ့ရာ ရဲအုပ် အောင်နိုင်ထွန်း (၅၂ နှစ်) (တပ်ထောက်ဌာနစိတ်တာဝန်ခံ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး) မှာ ဝစ်ဗလီ ခြောက်လုံးပြူးအား ကိုင်လျက် လက်ယာဘက် နားထင်တွင် ကျည်ပေါက်ထွက် ဒဏ်ရာဖြင့် လည်းကောင်း၊ ဒေါ်မြင့်မြင့်သိန်း (၄၉ နှစ်) မှာ အနောက်မြောက်ဘက် ခေါင်းပြုလျက် ပက်လက် အနေအထားဖြင့် လက်ယာဘက် နားနောက် ကျည်ဝင်ဒဏ်ရာဖြင့် လည်းကောင်း သေဆုံးနေသည့် အမှုအား သေမှုသေခင်း အမှတ် ၁၂/ ၂၀၁၉ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ရာ ထပ်မံ စစ်ဆေး ပေါ်ပေါက်ချက်အရ ရဲအုပ် အောင်နိုင်ထွန်းမှာ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သိန်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဆိုကာ ရဲအုပ် အောင်နိုင်ထွန်းအား လူသတ်မှုဖြင့် ဆက်လက် အမှုဖွင့်ထားပြီး အဆိုပါ အမှုအား CID မှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အခင်းဖြစ်ချိန်မှာ အရက်သောက်ထား မထား စစ်ဆေးနေပါတယ်။ အရက်ပုလင်းတော့ တွေ့ပါတယ်။ အခင်းဖြစ်ချိန်မတိုင်ခင်မှာ သူ့မိသားစု သား၊ သမီးတွေနဲ့ တယ်လီဖုန်း ပြောခဲ့ပါသေးတယ်။ ဆုံးသွားတဲ့ ရဲအုပ်ကို လူသတ်မှုနဲ့လည်း အမှုဖွင့်ထားပါတယ်။ သူ့အမျိုးသမီးကို သေနတ်နဲ့ ပစ်တယ်လို့ယူဆတဲ့အတွက် သူ့ကို လူသတ်မှုနဲ့ထပ်ဖွင့်တာပါ။ သေနတ်သံ ဘာလို့ မကြားကြသလဲဆိုတော့ အဲဒီနေ့ အဲဒီအချိန်လောက်မှာ မိတ္ထီလာမှာ မိုးတွေ၊ လေတွေ ကျပြီး မိုးသံ၊ လေသံကြောင့် ဘေးခန်းတွေက သေနတ်သံ မကြားရတာ ဖြစ်နိုင်ပါတယ်။ အခုဒီအမှုကို CID က ဆက်လက် စစ်ဆေးနေပါတယ်” ဟု မိတ္ထီလာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ထင်မှ ပြောကြားသည်။ အဆိုပါ အမှုအား မိတ္ထီလာ မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၂/ ၂၀၁၉ နှင့် (ပ) ၂၃၈/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment