Wednesday, May 22, 2019

ကမ္ဘာကြီးပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု ခန့်မှန်းထက် ပိုမိုနိုင်

ကမ္ဘာကြီးပူနွေးမှုကြောင့် ဂရင်းလန်းနှင့် အန္တာတိကတို့မှ ရေခဲပြင်များပိုမိုမြန်ဆန်စွာအရည်ပျော်လာသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်နှုန်းသည် ယခင် ခန့်မှန်းထားသည်ထက် ပိုမိုနိုင်ကြောင်းလေ့လာမှုစစ်တမ်းသစ်တစ်ရပ်က ဆိုသည်။ ၂၁၀ဝ ပြည့်နှစ်ရောက်ပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် အမြင့်ဆုံးအားဖြင့် လက်ရှိထက် တစ်မီတာခန့်သာပိုမြင့်လာနိုင်သည်ဟု လက်ခံထားကြသော်လည်းလေ့လာမှုစစ်တမ်းသစ်ကမူပင်လယ်ရေမျက်နှာပြင်သည် ထို့ထက် နှစ်ဆလောက်ထိ မြင့်တက်လာနိုင်ကြောင်း သတိပေးဖော်ပြလိုက်သည်။



အကျိုးဆက်အားဖြင့် ယခင်မှန်းထားသည်ထက် ကမ်းရိုးတန်းဒေသနှင့် ကျွန်းစုဒေသများပိုမိုအထိ နာနိုင်ကြောင်း စစ်တမ်းကထောက်ပြသည်။

လေ့လာမှုစစ်တမ်းသစ်ကိုဘရစ္စတိုတက္ကသိုလ်မှ ပါမောက္ခ ဂျော်နသန် ဘမ်ဘာနှင့်အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာရာသီဥတုပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IPCC) ကလည်းကမ္ဘာကြီးပူနွေးမှုကြောင့် လက်ရှိမှ ၂၁၀ဝ ပြည့်နှစ်အတွင်းပင်လယ်ရေမျက်နှာပြင်သည် ၅၂ စင်တီမီတာမှ ၉၈ စင်တီမီတာကြား မြင့်တက်လာနိုင်ကြောင်း၂၀၁၃ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လေ့လာမှုစစ်တမ်းသစ်ကမူ IPCC ၏ ခန့်မှန်းချက်သည် အကောင်းမြင်လွန်းနေကြောင်း၊ နောက်ဆုံးရရှိထားသည့် သုတေသနရလဒ်များအရမူပင်လယ်ရေမျက်နှာပြင်သည် ထို့ထက် နှစ်ဆလောက်ထိ မြင့်တက်လာနိုင်ခြေရှိကြောင်း ဆိုလိုက်သည်။

ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုတော်လှန်ရေးကာလကထက် ၂ ဒီဂရီစင်တီဂရိတ်ထိပိုပူလာပါကဂရင်းလန်းသာမက အန္တာတိကရေခဲပြင်ပါ အရည်ပျော်လာနိုင်ပြီး အကျိုးဆက်အားဖြင့် ကမ္ဘာကြီးဆုံးရှုံးမည့် ရေခဲပြင်ပမာဏသည် စတုရန်းကီလိုမီတာ ၁ ဒသမ ၇၉ သန်းဖြစ်ကြောင်း၊ ထိုဧရိယာသည် လစ်ဗျားတစ်နိုင်ငံစာခန့်ရှိကြောင်းလေ့လာမှုစစ်တမ်းသစ်ကတွက်ချက်ပြသည်။ လေ့လာမှုစစ်တမ်းသစ်ကိုအမျိုးသားသိပ္ပံအကယ်ဒမီဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။

No comments:

Post a Comment