Wednesday, May 22, 2019

ဟွာဝေးအပေါ် ကုန်သွယ်ရေး ကန့်သတ်ချက် အမေရိကန် ယာယီဖြေလျှော့ပေး

အမေရိကန်အစိုးရဟာ ဟွာဝေးနည်းပညာလုပ်ငန်းအပေါ် ကုန်သွယ်ရေး ကန့်သတ်ချက်တွေကို မေလ ၂၁ ရက်မှာ ယာယီဖြေလျှော့ပေးလိုက်ပါတယ်။ ဒါပေမယ့် တရုတ်လုပ်ငန်းက ပြင်ဆင်ထားပြီးသားလို့ ဟွာဝေးတည်ထောင်သူ ရန်ကျန်းဖေးက တရုတ်အစိုးရရုပ်သံ စီစီတီဗွီနဲ့ မေလ ၂၁ ရက် လူတွေ့မေးမြန်းခန်းမှာ ပြောလိုက်တာပါ။ လူတွေ့မေးမြန်းခန်းကို စီစီတီဗွီ သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာ စာသားနဲ့ ထုတ်ပြန်ခဲ့ပါတယ်။



ဟွာဝေးဟာ အမေရိကန်လိုပဲ ဒေတာချစ်ပ်စ်တွေ ထုတ်လုပ်နိုင်တယ်၊ ဒါပေမယ့် အမေရိကန်ဆီကနေ ချစ်ပ်စ်တွေမဝယ်ဘဲ နေမယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူးလို့ ဟွာဝေးတည်ထောင်သူ ရန်ကျန်းဖေးက ပြောပါတယ်။

လာမယ့် ၂ နှစ် ၃ နှစ်အတွင်း ဟွာဝေးရဲ့ 5G နည်းပညာကို လိုက်မီမယ့် တခြားလူမရှိသေးဘူးလို့ ဟောကိန်းထုတ်ထားပြီး နည်းပညာအပေါ် ဘာမှ သက်ရောက်နိုင်မှာမဟုတ်ဘူး၊ အမေရိကန်အစိုးရဟာ ဟွာဝေးရဲ့ လုပ်နိုင်စွမ်းကို လျှော့တွက်ခဲ့တယ်လို့ ရန်က ပြောပါတယ်။

မေလ ၁၆ ရက်က အမေရိကန်စီးပွားရေးဌာနဟာ ဟွာဝေးနဲ့ မိတ်ဖက်လုပ်ငန်း ၆၈ ခုကို ပြည်ပတင်ပို့ကုန် နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

ဒါကြောင့် တရုတ်ကုမ္ပဏီ ဟွာဝေးအတွက် အမေရိကန်နိုင်ငံထဲမှာလုပ်တဲ့ ကုန်စည်တွေကို ဝယ်ဖို့ မဖြစ်နိုင်တော့သလောက် ဖြစ်ခဲ့တာပါ။

ဒါပေမယ့် မေလ ၂၀ ရက်မှာတော့ အမေရိကန်အစိုးရက သုံးစွဲသူတွေ အနှောင့်အယှက် ဖြစ်တာနည်းဖို့ ရည်ရွယ်ပြီး ဟွာဝေးအပေါ် ကန့်သတ်ချက်တွေကို ယာယီပြန်ဖြေလျှော့ပေးခဲ့တယ်လို့ ပြောပါတယ်။

ရှိပြီးသား ကွန်ရက်တွေကို ဆက်ထိန်းထားဖို့နဲ့ ရှိပြီးသား ဟွာဝေး လက်ကိုင်ဖုန်းတွေအတွက် ဆော့ဖ်ဝဲလ် အပ်ဒိတ် ပေးနိုင်စေဖို့ အမေရိကန်ထုတ် ကုန်စည်တွေကို ဝယ်ခွင့် ဟွာဝေး နည်းပညာ ကုမ္ပဏီကို အမေရိကန် စီးပွားရေးဌာနက ပြန်ခွင့်ပြုပေးခဲ့ပါတယ်။

No comments:

Post a Comment