Wednesday, May 22, 2019

မက္ကာမြို့သို့ ဦးတည်ပျံသန်းလာသော ဒုံးကျည် ၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဆော်ဒီစစ်တပ် ထုတ်ပြန်ကြေညာ

ဆ်ာဒီဟာ ဟူသီသူပုန်တွေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းကို မက္ကာပြည်နယ်မှာ ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ၄င်းဒုံးကျည်များအနက် ၁ စင်းဟာ မက္ကာမြို့သို့ ဦးတည်ပျံသန်းနေခဲ့ကြောင်း မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ေ ဆ်ာဒီနဲ့ UAE တို့ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ ယီမင်ပြည်တွင်းစစ်မှာ ၂၀၁၅ ခုနှစ်တုန်းကတည်းက ကြားဝင်ဖြေရှင်းနေပြီး ဟူသီသူပုန်တွေကို တိုက်ခိုက်နေပါတယ်။ ၂၀၁၉ မေလ ၂၀ ရက်နေ့မှာတော့ အမေရိကန်ဆိုင်ရာ ဆော်ဒီသံရုံးက ၄င်းတို့ရဲ့ကာကွယ်ရေးတပ်ဟာ ဟူသီတွေပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းကို မက္ကာပြည်နယ် တေ့ဖ်မြို့အနီးမှာ ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း
တွစ်တာမှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။ ညွန့်ပေါင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ထိုသတင်းကို အတည်ပြုပေးခဲ့ပြီး ဆော်ဒီအစိုးရပိုင် အယ်လ်အာရေးဘီယား ရုပ်သံဌာနကတော့ အဆိုပါဒုံးကျည် ၂ စင်းအနက် ၁ စင်းဟာ ဂျဒတ်မြို့ကို ပစ်မှတ်ထားခဲ့ပြီး ကျန် ၁ စင်းဟာ မက္ကာမြို့သို့ ဦးတည်နေခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုသို့ဦးတည်ခဲ့ကြောင်းကို မျက်မြင်သက်သေဆိုသူများရဲ့ ပြောကြားချက်မှလွဲရင် အခြားအထောက်အထားဖြင့် မဖေါ်ပြခဲ့ပါဘူး။ မက္ကာမြို့ဟာ မွတ်စလင်တို့ အထွဋ်အမြတ်အထားဆုံးဒေသ ဖြစ်ပြီး ဂျဒတ်မြို့မှဆိုလျှင် မိုင် ၄၀ ခန့် ၊ တေ့ဖ်မြို့မှဆိုလျှင် မိုင် ၃၀ ခန့်သာ ဝေးကွာပါတယ်။ မက္ကာသို့ ဟာ့ဂ်ျလာရောက်ကြသူဦးရေဟာ နှစ်စဉ် ၂ သန်းကျော်ရှိကြောင်း သိရပါတယ်။ ဟူသီသူပုန်ဘက်ကတော့ ၄င်းတို့ဟာ မက္ကာမြို့ကို ပစ်မှတ်မထား၊ မတိုက်ခိုက်ကြောင်း ငြင်းဆိုခဲ့ပြီး ယခုစွပ်စွဲချက်ဟာ ဆော်ဒီတို့အတွက် ထောက်ခံသူတိုးလာအောင် လုပ်ကြံဖန်တီး ၊ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟူသီသူပုန်တွေဟာ ၄င်းတို့ အလွယ်တကူလက်လှမ်းမီနိုင်တဲ့ ယီမင်-ဆော်ဒီနယ်စပ်အနီးရှိ ဆော်ဒီပိုင် မြို့တွေနဲ့ ရေနံစက်ရုံတွေကိုတော့ မောင်းသူမဲ့လေယာဉ်ငယ်များ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်လေ့ရှိပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းကလည်း ဟူသီတွေ မက္ကာမြို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်လာကြောင်း ညွန့်ပေါင်းတပ်ဘက်က ပြောခဲ့ဖူးရာ ဟူသီသူပုန်တွေကတာ့ ၄င်းတို့ဟာ မက္ကာအနီးရှိ လေဆိပ်တွေကို ပစ်မှတ်ထားခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment