Wednesday, May 22, 2019

GGS ကုမ္ပဏီကို လျှပ်စစ်ဖြန့်ဖြူးခွင့် ဆက်လက်ပေးထားခြင်း အဂတိနှင့်ငြိစွန်းဟုဆို

GGS ကုမ္ပဏီက စာချုပ်စည်းကမ်းချိုးဖောက်သော်လည်း မီးပြတ်မည်စိုးရိမ်၍ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့် ပေးခြင်းသည် အဂတိနှင့်ငြိစွန်းသဖြင့်တနင်္သာရီတိုင်းအစိုးရအဖွဲ့ကို တရားစွဲဆိုနိုင်ကြောင်း ၀ါရင့် တရားလွှတ်တော်ရှေ့နေများက သုံးသပ်ပြောသည်။ တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက GGS ကုမ္ပဏီက စာချုပ်စည်းကမ်း ဖောက်ဖျက်ကြောင်း သိရှိသော်လည်း ကုမ္ပဏီကို အရေးယူပါက ထားဝယ်ခရိုင်တစ်ခုလုံး လျှပ်စစ်မီးပြတ်မည်ကို စိုးရိမ်သဖြင့် လက်ရှိဘဏ္ဍာနှစ်ကုန်အထိ ယာယီစာချုပ် ထပ်မံချုပ်ဆို၍ လုပ်ပိုင်ခွင့်ဆက်လက် ပေးခြင်းဖြစ်သည် ဟု မေလ ၁၅ ရက် က ထားဝယ်ခရိုင် ရေဖြူမြို့နယ် လူထုတွေ့ဆုံပွဲ၌ ပြောကြားသည်။



‘‘မီးသေမှာ ကြောက်လို့၊ ထားဝယ်ခရိုင်တစ်ခုလုံး အမှောင်ကျသွားမှာ ကြောက်လို့ စာချုပ်ချိုးဖောက်နေရဲ့သားနဲ့၊ ကျွန်တော်တို့သိသိကြီးနဲ့ ကျွန်တော်တို့ အစိုးရကနေပြီး ဆုံးဖြတ်ပြီးတော့ လုပ်ပိုင်ခွင့်ပေးထားခြင်း ဖြစ်ပါ တယ်’’ဟု တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ရေဖြူဒေသခံများ အား ပြောသည်။

ထို့အပြင် GGS ကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၄,၀၀၀ မှ ၅,၀၀၀ ကြား အရှုံးပေါ်နေကြောင်း တိုင်းအစိုးရအဖွဲ့ထံတင်ပြလာသဖြင့် မေလကုန်ကစ၍ ယခင်တစ်ယူနစ်ဈေးနှုန်း ကျပ် ၂၀၀ အစား ၂၅၀ သို့လည်း ကောင်း၊ လမ်းမီးကြေးကိုလည်း ယခင်ကျပ် ၁၀၀ အစား ၄၀၀ အထိလည်းကောင်း တိုးမြှင့်ကောက်ခံရန် ခွင့်ပြုခဲ့ကြောင်း ၀န်ကြီးက ဒေသခံပြည်သူများအား ရှင်းပြ သည်။

ထိုသို့ မီတာခနှင့် လမ်းမီးကြေးများ ယခုလကုန်ကစ၍ တိုးမြှင့်ကောက်ခံမည်ကို တိုင်းအစိုးရအဖွဲ့က ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအား ကြိုတင်အသိမှုမရှိခြင်းသည် အာဏာရှင်ဆန်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး ဥပဒေနှင့်မညီကြောင်း ထားဝယ်ခရိုင် ဒေသခံများကြား ကန့်ကွက်မှုများ ထွက်ပေါ်နေသည်။

ရှေ့နေများသုံးသပ်ချက်

GGS ကုမ္ပဏီက စာချုပ်ပါ စည်းကမ်းချက်များ ချိုးဖောက်သည်ကို တိုင်းအစိုးရအဖွဲ့က သိရှိလျက်လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်မံချပေးခြင်းသည် အစိုးရကိုယ်တိုင် ဥပဒေချိုးဖောက်ခြင်းဖြစ်သဖြင့် ဥပဒေကြောင်းအရ တိုင်းအစိုးရအဖွဲ့ထံ အသိပေးစာပို့၍ တရားစွဲဆိုနိုင်ကြောင်း ၀ါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီး မြင့်က ပြောသည်။

‘‘သူတို့(အစိုးရအဖွဲ့)ဟာ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်တဲ့သူ မဟုတ်တော့ဘူး။ လုံးဝကန့်ကွက်ဖို့သင့်တယ်။ နောက်ထပ် စာချုပ်လည်း မချုပ်သင့်တော့ဘူး။ ဥပဒေချိုးဖောက်တဲ့ ကုမ္ပဏီနဲ့ဆက်ပြီးလုပ်ရင် တိုင်း ပြည်နစ်နာတယ်။ တိုင်းပြည်မျက် နှာကို ကြည့်ဖို့လိုတယ်။ သူ့(ကုမ္ပဏီ) မျက်နှာကို မကြည့်နဲ့လေ။ လွှတ်တော်က အရေးယူရမှာ’’ ဟု ၎င်းကမှတ်ချက်ပြုသည်။

လာဘ်ပေးမှု၊ စာချုပ်စည်းကမ်းချိုးဖောက်မှုတို့ကြောင့် အဂတိအမှုဖြင့် တရားစွဲခံနေရ သည့် GGS ကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့် ဆက်ပေးခြင်းအပေါ် တိုင်းအစိုးရအနေဖြင့် ဥပဒေဘောင်ကို ကျော်လွန်ခြင်းရှိ၊ မရှိပြန်စဉ်းစားရန်လိုသည်ဟု ၀ါရင့်တရားလွှတ်တော် ဦးအောင်သိန်းကလည်း ထောက်ပြသည်။

‘‘အဂတိလိုက်စားတယ်ဆိုတာ ပိုက်ဆံရမှမဟုတ်ဘူး။ လုပ်သင့် လုပ်ထိုက်တာမလုပ်ရင်၊ မလုပ်သင့်၊ မလုပ်ထိုက်တာလုပ်ရင်လည်း အဂတိပဲဗျ။ ဒါတွေက ပုံစံတစ်မျိုး၊ တစ်မျိုးနဲ့ လုပ်နေကြတဲ့အလုပ်တွေ။ အကုန်လုံးမီးငြိမ်းသွားမယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကုမ္ပဏီကို ထပ်ပေးကတည်းကို က မှန်သလား၊ မမှန်သလားဆို တာ စဉ်းစားရမယ်လေ’’ဟု ၎င်း က မှတ်ချက်ပြုသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ကန့်ကွက်မှု

တနင်္သာရီတိုင်းအစိုးရအဖွဲ့သည် စာချုပ်စည်းကမ်းချိုးဖောက်သည့် GG S ကုမ္ပဏီနှင့် ဆက်လက်လုပ်ကိုင်ရန်မသင့်တော့ကြောင်းနှင့် တင်ဒါထပ်မံခေါ်ယူသည့် ကာလအတွင်း ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်၊ ဖြန့်ဖြူး ရေးလုပ်ငန်းကို တိုင်းအစိုးရအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပူးပေါင်းတာဝန်ယူရန် လိုအပ်ကြောင်း တိုင်းလွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးကြည်စိုးက ပြောသည်။

ထို့အပြင် မူလစာချုပ်ချုပ်ဆိုစဉ်က GGS ကုမ္ပဏီနှင့် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့သည် တိုင်းဥပဒေအရာရှိကို အသိပေးခြင်းမရှိဘဲ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ‘‘စာချုပ်က လုံးဝပျက်ပြယ်သွားတဲ့ကိစ္စကို (အစိုးရအဖွဲ့က) လုပ်ပိုင်ခွင့်ဆက်ပေးမယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စ ပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးပဲ ယခင်ဝန်ကြီးချုပ်ဟောင်းလည်း ထောင်ထဲမှာဝင်ထိုင်နေရပြီလေ။ ဥပဒေနဲ့ လုံးဝမညီဘူး’’ဟု တိုင်းအစိုးရ အဖွဲ့က GGS ကုမ္ပဏီအား လျှပ် စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း ဆက်လုပ်ခွင့်ပြုသည့် ဆုံးဖြတ်ချက် အပေါ် မှတ်ချက်ပြုပြောသည်။

လောင်းလုံးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးကလည်း လျှပ်စစ်မီး ပြတ်မည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် စာချုပ်စည်းကမ်းချိုးဖောက်သည့် GGS ကုမ္ပဏီကို တိုင်းအစိုးရအ ဖွဲ့က လုပ်ပိုင်ခွင့်ဆက် မပေးသင့်တော့ကြောင်း ပြောသည်။

အလားတူ သရက်ချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေေ၀လွင်ကလည်း ‘‘စာချုပ်စည်းကမ်း ချိုးဖောက်နေတာကို သိသိကြီးနဲ့ ဆက်ပေးမယ်ဆိုပြီး ဆုံးဖြတ်သည် ဥပဒေနဲ့မညီဘူး’’ဟု မှတ်ချက်ပြု သည်။

ထိုကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူထံ မေလ ၂၀ ရက် က ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်မရပေ။

GGS ကုမ္ပဏီသည် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ နေအိမ်ကို အဆမတန် ဈေးနှုန်းဖြင့်ဝယ်ယူ၍ လာဘ်ပေးခဲ့ခြင်း၊ ၀န်ကြီးချုပ်ဟောင်း၏ ခွင့်ပြုချက်ဖြင့် တိုင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်း အမျိုးမျိုးလုပ်ကိုင်ခွင့်ရယူခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်ပါ စည်းကမ်းချက်များ ချိုးဖောက်ခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အပါအ၀င် GGS ကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာ၊ ဒါရိုက်တာနှင့် အထွေထွေမန်နေဂျာတို့ လေးဦးကို လက်ရှိတွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်က တနင်္သာရီတိုင်း တရားလွှတ်တော်၌ အမှုတွဲလေးမှုဖြင့် တရားစွဲဆို ထားသည်။

No comments:

Post a Comment