Wednesday, May 22, 2019

လှိုင်သာယာမြို့နယ်အတွင်း လုယက်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

၂၇.၄.၂၀၁၉ ရက်နေ့ ၀၉၀၀ အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လုံခြုံရေး တာဝန်များ ဆောင်ရွက်နေစဉ် လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း လမ်းမ ပေါ်တွင် မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူ ရဲကိုနိုင်အား ရပ်တန့်စစ်ဆေးရာ ၎င်း၏ ဝဲဘက်လက်တွင် ဆုပ်ကိုင်လျက် တွေ့ရှိရသည့် ဆံပင်များဖြင့် လုံးထွေးနေသော သံကွင်းဆက်၊ ပုတီးဆွဲသီးပါ ရွှေဆွဲကြိုး အပျက်(၁)ကုံး အား တွေ့ရှိရသဖြင့် အသေးစိပ်စစ်မေးခဲ့ရာ ၎င်းမှ (၈)ရပ်ကွက်၊ ရုံးရှေ့မှတ်တိုင်အနီးတွင် လမ်းလျှောက်လာသော အမည်မသိ အမျိုးသမီးတစ်ဦးထံမှ ဆွဲဖြတ်ယူဆောင်လာကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး အမှုဖွင့်အရေးယူခဲ့ပါသည်။



ဖမ်းဆီးရမိသူ ရဲကိုနိုင် အား အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ ထပ်မံစစ်ဆေးခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လှိုင်ယာမြို့နယ်၊ (၇)ရပ်ကွက်၊ မီးခွက်ဈေးအောက်ထိပ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်၌ စက်ဘီးစီးလာသော အမည်မသိ အမျိုးသားတစ်ဦးထံမှ ရွှေရည်(၁၄)ပဲရည်၊ အလေးချိန် (၈ပဲ/၂ရွေး)ရှိ ရွှေဆွဲကြိုး(၁)ကုံး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် စက်ဘီးစီးလာသော အမျိုးသားတစ်ဦးထံမှ ရွှေရည်(၁၅)ပဲရည်၊ အလေးချိန်(၂ပဲ/၆ရွေး)ခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလင်ပန်းစက်မှုဇုန်၊ ငွေပင်လယ်ဘုရားအနီးတွင် စက်ဘီးစီးလာသော အမည်မသိအမျိုးသား တစ်ဦးထံမှ ရွှေရည်(၁၄)ပဲရည်၊ အလေးချိန် (၁)ကျပ်၊ (၂)ရွေးခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံး တို့အား အသီးသီးလုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ ရဲကိုနိုင် ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment