Wednesday, May 22, 2019

ရုရှား ၊ ဂျာမနီ နှင့် ပြင်သစ် နိုင်ငံ တို့ က အီရန် နိုင်ငံ နှင့် ကုန်သွယ်မှု ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်

ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ် နှင့် ပြင်သစ် နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် တို့က မေလ ၂၁ ရက် ၌ အီရန် အရေး နှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ပြီး ၄င်းတို့ အနေဖြင့် အီရန် နိုင်ငံ နှင့် ဆက်လက်၍ ကုန်သွယ်ရေး ကဏ္ဍ တွင် အပြန်အလှန် အကျိုးဖြစ်ထွန်း စေသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံ အစိုးရ က ထုတ်ပြန်ကြေညာ ခဲ့သည်။



ထုတ်ပြန်ကြေညာချက် တွင် ရုရှား ၊ ဂျာမနီ နှင့် ပြင်သစ် နိုင်ငံ တို့ က ဖုန်းဖြင့် အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီချက် နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ယင်း သဘောတူညီချက် အား ထိန်းသိမ်းရမည့် အရေးပါပုံ ကို ထောက်ပြခဲ့ကြကြောင်း ၊ သဘောတူညီချက် အား ထိန်းသိမ်းခြင်း သည် နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေး နှင့် လုံခြုံရေး အတွက် အလွန်အရေးပါသည် ဟု သတ်မှတ်ကြကြောင်း ပါဝင် ခဲ့သည်။

လတ်တလော ကာလ အတွင်း အီရန် နှင့် အမေရိကန် နိုင်ငံ အကြား ဆက်ဆံရေး က အဆက်မပြတ် ပိုမို တင်းမာ လာခဲ့ပြီး မေလဆန်းပိုင်း တွင် အမေရိကန် နိုင်ငံ က ၄င်း ၏ Abraham Lincoln လေယာဉ်တင် သင်္ဘော ရေယာဉ်စု အား အရှေ့အလယ်ပိုင်း ဒေသ တွင် နေရာချထား ခဲ့ကာ အီရန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ကလည်း မေလ ၁၅ ရက် ၌ အီရန် နိုင်ငံ အနေဖြင့် စစ်ရေး အရ အမြင့်ဆုံး ကာကွယ်ရေး အခြေအနေ အဖြစ် သတ်မှတ်ထားပြီး ခြိမ်းခြောက်မှု အမျိုးမျိုး ကို ရင်ဆိုင်သွားရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment