Wednesday, May 22, 2019

ခွဲထွက်ရေး သူပုန်တွေ ကြီးစိုးနေတဲ့ တောင်ပိုင်း ပြည်နယ်သုံးခုသို့  ထိုင်း စစ်သားတွေ ပို့ လွှတ်ကာ လူထုနဲ့  နေထိုင်စေမည်

ထိုင်း အမှတ် ၄ စစ်တိုင်းဟာ တောင်ပိုင်းပြည်နယ် သုံးခုသို့  စစ်သားတွေ ပို့ လွှတ်ကာ ယင်းဒေသမှာ ခွဲထွက်ရေးသူပုန်တွေ ကြီးစိုးမှုကို လျှော့ချဖို့ နဲ့  ဒေသခံတွေ လုံခြုံရေး သေချာစေဖို့ အတွက် ကျေးရွာလူထုအတွင်း စစ်သားတွေကို နေထိုင်စေမယ်လို့  သိရပါတယ်။



အထူးလေ့ကျင့်သင်ကြားမှုတွေ ပေးထားတဲ့ စစ်ဆင်ရေး စစ်သားတပ်စုတွေကို ၄င်းတို့ ရဲ့  တပ်စခန်းတွေမှ ထွက်ကာ မတည်ငြိမ်ဖြစ်နေတဲ့ ပတ္တာနီ၊ ယာလနဲ့  နာရာသီဝပ်ပြည်နယ်တွေရှိ ကျေးရွာတွေမှာ နေထိုင်ကြဖို့  ညွှန်ကြားမှာဖြစ်ကြောင်း အမှတ် ၄ စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ပွန်ဆက် ပွန်ဆာဝပ်က ပြောဆိုခဲ့ပါတယ်။ မေ ၂၁ ရက်နေ့ က နာခွန်ဆီ သမ်မရတ်ပြည်နယ် အထူးတိုက်ခိုက်ရေး သင်တန်းစခန်းမှာ ပြုလုပ်တဲ့ စစ်သင်တန်း ဖွင့်ပွဲအခမ်းအနားမှာ ၄င်းက အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။ ယင်း သင်းတန်းကို အမှတ် ၅ ခြေလျင်တပ်ရင်းမှ စစ်သည် ၂၁၈ ဦး တက်ရောက်နေကာ ဇွန်လ ၁၇ ရက်နေ့ အထိ လေ့ကျင့်သင်ကြားမှာဖြစ်ကြောင်း သိရပါတယ်။

ယင်းနေ့ မှာပဲ အမှတ် ၄ စစ်တိုင်းမှူးဟာ စစ်သားတွေ၊ ရဲတပ်ဖွဲ့ ဝင်တွေနဲ့  ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အတူ တောင်ပိုင်းနယ်စပ်ပြည်နယ် ယာလရဲ့  ဘန်နန်ဆတ္တာ ခရိုင်ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့  ဘုန်းတော်ကြီးတွေထံ သွားရောက်လည်ပတ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ တွေအနေနဲ့  ဒေသခံလူထုနဲ့  ဘုန်းတော်ကြီးတွေကို အကောင်းဆုံး ကာကွယ်ပေးမှာဖြစ်ကြောင်း ၄င်းက အာမခံပြောကြားခဲ့ပါတယ်။

ထိုင်း အာဏာပိုင်တွေဟာ ယင်းဧရိယာတွေက ကျေးရွာတွေရှိ လက်သေးမူးယစ်ကုန်ကူးသူတွေကို စည်းရုံးကာ ဒေသတွင်းမူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်ဖို့ လည်း လုပ်ဆောင်နေပါတယ်။

လုံခြုံရေး စီမံချက်အရ စစ်သားတွေဟာ ကျေးရွာတွေမှာ လူထုနဲ့  ရောနှော နေထိုင်ကာ အပြစ်မဲ့သူတွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး ခွဲထွက်ရေးသူပုန်တွေကို ဖိအားပေးသွားမယ်လို့  ပွန်ဆက်က ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment