Wednesday, May 22, 2019

ကင်ဆာဆောင်က ရေသူမ (ကင်ဆာရောဂါမဖြစ်အောင် ကျန်းမာရေးနှင့်သင့်လျော်သော နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးခြင်းဟာ အကောင်းဆုံးသော ကာကွယ်နည်းဖြစ်)

ဆေးရုံကို ရောက်တိုင်း အရေးပေါ် လူနာခန်းရဲ့ ထောင့်ဆုံး ကို အမြဲတမ်းလှည့်ကြည့်မိသည်။ စိတ်မောလေးလံတဲ့ မျက်နှာမျိုးနဲ့ ကလေးတစ်ယောက်ကို ပိုက်ပြီး နို့တိုက်နေတဲ့ အမျိုးသမီးတစ် ယောက်ကို အမြဲတမ်းတွေ့နိုင်ပေ မည်။ ‘‘နေကောင်းလား ရေသူမ’’ လို့ ကျွန်မက ပြုံးပြုံးလေးမေးတိုင်း အထိတ်တလန့်နဲ့ မော့ပြီး မိခင် ရင်ခွင်ကနေ ပြန်ကြည့်တတ်တဲ့ နို့စို့နေတဲ့ (၄)နှစ်အရွယ်ကလေးမ လေးကို နေ့တိုင်းတွေ့ရသည်။ (၄)နှစ်သမီးကလေးက ရေ သူမတဲ့။ အလှအပကို သိပ်ကြိုက်၊ မျက်ခုံးမွေးကို အမြဲဆွဲထားတတ် တဲ့ ထိုကလေးမလေးက ရေသူမ အဖြစ် ပြောင်းလဲသွားတာ တစ် လပင်မကြာသေး။ ရေသူမအဖြစ် နာမခံယူလိုက်ပြီးနောက်မှာ ရေ သူမလိုနေသည်၊ ရေသူမလိုစား သည်၊ ရေသူမလို အိပ်သည်တဲ့။



တစ်ဦးတည်းသောသမီး ချစ်စရာကောင်းလွန်းလှသည့်(၄) နှစ်အရွယ်ကလေးလေးမှာ သွေး ဖြူဥကင်ဆာလို့ခေါ်တဲ့ ကြောက် စရာကောင်းလွန်းသည့် ရောဂါ ဆိုးကြီးက အမြစ်တွယ်စွဲကပ်နေ သည်။ ရောဂါနာမည်ကြားလိုက် ရုံနဲ့ လူကြီးတွေတောင် သွေးပျက် မတတ်ကြောက်ကြသော ရောဂါ ဆိုးဖြစ်သည်။

ကင်ဆာဆိုသည်မှာလည်း မျိုးရိုးကြောင့်ဖြစ်နိုင်သလို အနေ အထိုင်၊အစားအသောက်ကြောင့် လည်း ဖြစ်နိုင်သည်။ ဒါ့အပြင် မသိနိုင်သော အကြောင်းရင်းများ စွာကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ကင်ဆာသည် ကြောက်စရာကောင်းလွန်းလှ သည်။ အချို့ကင်ဆာကို လုံးဝ ပျောက်ကင်းလုနီးနီးကုသနိုင်သ လို အချို့ကင်ဆာအတွက်အောင် မြင်တဲ့ကုထုံးတွေမရှိသေးပေ။

ရေသူမလေး ကတော့ ပျောက်ကင်းလုနီးနီးကုသလို့ရနိုင် တဲ့ သွေးဖြူဥကင်ဆာရောဂါအ တွက် ဆေးရုံမှာ ဆေးကုသမှုခံယူ နေသူတစ်ယောက်။ ပြင်းလွန်းတဲ့ ဆေးဒဏ်ကို ကြံ့ကြံ့ခံနေရသူ တစ်ယောက်။ သနားစရာကောင်း တဲ့ကလေးတွေထဲက တစ် ယောက်။

ပူပြင်းလှတဲ့နွေရဲ့ နေ့စွဲတစ် ခုမှာ သူကလေးက ကျွန်မကို ရေသူမဖြစ်သွားပြီလို့ ပြောလာ ပါတယ်။ အကြောင်းရင်း သေချာ မသိတဲ့ကျွန်မက သူ့အမေကို မေး ကြည့်ရသည်။

‘‘ဆရာမရယ် သူက လမ်း လျှောက်ရင် ခြေထောက်နာလွန်း လို့တဲ့။ လမ်းလျှောက်ခိုင်းရင် ငို နေတာ ကြာပြီလေ။ နောက်တော့ သူလမ်းမလျှောက်ချင်လို့နဲ့ တူ တယ်၊ သူ့ကိုယ်သူ ရေသူမတဲ့’’ဟု သောကများစွာဖြင့် ကလေးအမေ က ပြောပြတော့ ကျွန်မရင်နင့်မိ သည်။ သွေးဖြူဥကင်ဆာရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အရိုးအဆစ်တွေနာကျင်ပြီး ကိုက် ခဲတဲ့ဒဏ်ကို ကလေးလေးခံစားနေ ရသည်။ အတော်ကို ဆိုးရွားလွန်း တဲ့ လောကဓံရိုက်ချက်။

မေ့သည်းညှာကလေး ကြမ်း တမ်းနာကျင်လွန်းတဲ့ ရက်စွဲများ စွာကို တဆစ်ဆစ်ကျော်ဖြတ် လာခဲ့ရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲဆိုတာတွေး ကြည့်ရင်း မွန်းကျပ်သွားသည်။

‘‘ဆရာမ ရေသူမက ဘာစား လဲ’’ လို့ သူက မေးတတ်သည်။

‘‘အိုဗာတင်းတို့၊ မိုင်လိုတို့၊ စွပ်ပြုတ်တို့၊ ငုံးဥတို့စားတာပေါ့’’ လို့ ကျွန်မကဖြေတော့ သူတော် တော်ကို မုန်းတယ်ဆိုတဲ့ စွပ်ပြုတ် တွေ၊ မိုင်လိုတွေကို တခုတ်တရ သောက်တတ်သည်။ သူ့ခမျာ ရေသူမတော်တော်ဖြစ်ချင်ရှာ သည်။ လမ်းမလျှောက်နိုင်တဲ့ဘ၀ ကို မေ့ထားပြီး လမ်းလျှောက်လို့ မရတဲ့ဘ၀ကို စိတ်မှန်းနဲ့ဖန်တီးနေ သည်။

‘‘သမီးလေး လမ်းလျှောက် ကြည့်ပါလား။ လမ်းလျှောက်နိုင် မှ မုန့်ဈေးတန်းသွားလို့ရမှာပေါ့။ ဘေးက မမတောင်လမ်းလျှောက် နေပြီ’’ လို့ပြောတိုင်း ‘‘သမီးက ရေသူမကို၊ လမ်းလျှောက်လို့ မရ ဘူးလေ’’ လို့ ပြန်ပြောတတ်သည်။

‘‘ရေသူမက မြေကြီးပေါ် ရောက်ရင် ခြေထောက်ပေါက် လာပြီးတော့ လမ်းလျှောက်တတ် တယ်လေ၊ ရေထဲရောက်မှ လမ်း မလျှောက်တော့တာ’’ လို့ပြော ရင် ‘‘ဆရာမကလည်း သမီးက ရေမှာရော၊မြေကြီးမှာရော ရေသူ မပဲ။ လမ်းလျှောက်လို့မရဘူး’’ လို့ ၀မ်းပန်းတနည်းငိုပြီး ပြောတတ် သည်။ ထိုအချိန်မှာတော့ သူ့အ မေပါ လိုက်ငိုတတ်သလို ကျွန်မ လည်း ရင်နင့်မိသည်။

လမ်းလျှောက်ရမှာ သေ မတတ်ကြောက်သွားပြီဖြစ်တဲ့ ကလေးလေးကို တွေ့တိုင်းကျွန်မ ရင်နင့်မိသည်။ မိရင်းဖရင်းအဖို့မူ ပြောဖွယ်မရှိတော့။ (၄)နှစ်သမီး လေးရဲ့နာကျင်မှုကို ထွက်ပေါက် ရှာပုံဟာ ဆန်းကြယ်လွန်းလှ သည်။ နာကျင်လွန်းတဲ့အစိတ်အ ပိုင်းကို မေ့ပြီးကျန်ရှိနေတဲ့ လော ကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့ ကြိုး စားနေပုံက လေးစားစရာကောင်း သလို အထင်ကြီးဖို့လည်းကောင်း သည်။

ရေသူမလို့ သူ့ကိုခေါ်ရင် ပြုံး ပြီး ကျေနပ်နေတတ်သလို လမ်း စမ်းလျှောက်ကြည့်ဖို့ ပြောတိုင်း တီဆားတို့သလို ထိတ်လန့်တတ် တဲ့ ကလေးမလေးကို အတင်းအ ကျပ်လမ်းလျှောက်ဖို့ မတိုက်တွန်း ရက်။ သူ့စိတ်ကူးယဉ်ကမ္ဘာလေး ပျက်စီးသွားမှာ စိုးလှသည်။

ဒဏ္ဍာရီထဲမှရေသူမသည် နာကျင်မှုတွေ၊ နုံးချည့်မှုတွေ၊အိပ် မပျော်မှုတွေ၊ မောဟိုက်မှုတွေ ကင်းစင်နေပြီး ပျော်ရွှင်နေမည် ထင်သည်။ ထို့အပြင် သူ့သီးသန့် ကမ္ဘာလေးမှာ ဆေးထိုးအပ်တွေ၊ ဆံပင်တွေ အထွေးလိုက်ကျွတ် ပြီးတော့ ပျို့စေ၊ အန်စေတဲ့ကင် ဆာဆေးရည်အပြင်းတွေ ကင်းပြီး လှပတဲ့အရုပ်ကလေးတွေနဲ့ ဆော့ နေရလိမ့်မယ်ထင်သည်။

နာကျင်မှုကို ၀င်သက်ထွက် သက်လုပ်ပြီး ရှင်သန်နေရတဲ့ ဆေးရုံခုတင်ပေါ်မှ သူကလေးမှာ လှပတဲ့အိပ်မက်ရှိပါစေလို့ ဆု တောင်းပေးမိသလို နာကျင်မှု တွေလျော့နည်းအောင် လုပ်ပေး ချင်မိသည်။

ကျွန်မအတွက် ဖြေရအခက် ဆုံးမေးခွန်းက ‘‘ဆရာမ သည် ဆေးတွေ သွင်းပြီးရင် သမီးအိမ် ပြန်လို့ရပြီလား’’ တဲ့။ ကျွန်မအ တွက် ပြန်ဖြေရက်စရာအဖြေမရှိ။ သွေးတွေသွင်းလိုက်၊ သွေး ဖောက်စစ်လိုက်၊ ကိုယ်ခံအား နည်းနည်းတက်လာရင် ကင်ဆာ ဆေးသွင်းလိုက်နဲ့ နာကျင်ရက်စွဲ တွေကို ဆွဲဆန့်နေရသည်။

ဆေးကုသမှုခံယူလိုက်၊ကင် ဆာဆေးသွင်းလိုက်၊ ဆေးဒဏ် မခံနိုင်ဘဲ ကိုယ်ပူဖျားနာလိုက်၊ နေကောင်းလာအောင် ပြန်ပြီး ပြု စုလိုက်နဲ့ လုံးလည်လိုက်ပြီး ဆေး ရုံပေါ်မှာ အချိန်ကုန်နေရတဲ့ ကလေးလေး။ သူလည်းအခြား ကလေးတွေလို အိမ်မှာနေပြီး တော့ အိမ်ဘေးနားက ကလေး တွေနဲ့ အတူဆော့ချင်ရှာမည်။ ထမင်းချိုင့်၊ ရေဘူးဆွဲ၊ ထီးက လေးကိုင်ပြီး အဖြူ၊ အစိမ်းနဲ့ ကျောင်းသွားချင်ရှာလိမ့်မည်။ ဆေးနံ့မွှန်ထူနေတဲ့ ဆေးရုံခုတင် ပေါ် သူဘယ်နေချင်ရှာလိမ့်မလဲ။

ကလေးတစ်ယောက်ရဲ့ လွတ်လပ်ပေါ့ပါးတဲ့အပြုံးတွေ၊ ပျော်ရွှင်အေးချမ်းမှုတွေကို ကင် ဆာဆိုတဲ့ရောဂါဆိုးကြီးက မညှာ မတာရက်ရက်စက်စက် ဖျက်ဆီး ရက်သည်။

ကလေးလေးကတော့ ကင်ဆာကို တအားမုန်းနေမှာဆို တာ သေချာသလို ကျွန်မလည်း သိပ်မုန်းသည်။

သည်လို ကလေးတွေကို ကိုယ်ဖိရင်ဖိ ပြုစုကုသနေတဲ့ ဆေးရုံပေါ်က ဆရာဝန်၊ ဆရာမ တွေကို လေးစားမိသလို သွေးလို လို့ ဖုန်းဆက်တိုင်း ရက်ရက်ရော ရော လာရောက်လှူဒါန်းကြတဲ့ သွေးလှူရှင်တွေကိုလည်း လေး စားမိသည်။ ဒါ့အပြင် ကလေးနဲ့ မိဘတွေကို တစ်ဖက်တစ်လမ်း ကနေ ကူညီပံ့ပိုးပေးကြတဲ့ အလှူ ရှင်တွေ၊ အဖွဲ့အစည်းတွေအ တွက် ဂုဏ်ယူမိသည်။ အလေး စားရဆုံးက လောကဓံကိုကြံ့ကြံ့ ခံရင်း နေ့မအိပ်၊ ညဥ့်မအိပ်နဲ့အရိပ် တကြည့်ကြည့် ပြုစုပေးတဲ့ မိဘ တွေ၊ ဆွေမျိုးတွေပင်ဖြစ်သည်။

ကင်ဆာရောဂါမဖြစ်အောင် ကျန်းမာရေးနှင့်သင့်လျော်သော နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးခြင်းဟာ အကောင်းဆုံးသော ကာကွယ်နည်းဖြစ်သလို ရောဂါ ဖြစ်ပါကလည်း စောစီးစွာလာ ရောက်ဆေးကုသမှုခံယူပါက ရောဂါပျောက်ကင်းနိုင်တဲ့ အ လားအလာပိုများပါသည်။

ကင်ဆာဖြစ်ပွားနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်ပိုများလာသ လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ် ပိုများလေ့ရှိသည်။ ဒါကြောင့် သင့်ဘ၀ထဲကို ကင်ဆာမ၀င်လာ ဖို့ အခုကတည်းက ကျန်းမာရေး နှင့် သင့်လျော်သောနေထိုင်စား သောက်မှုဖြင့် နေထိုင်ကြဖို့ အကြံ ပြုပါသည်။။

No comments:

Post a Comment