Wednesday, May 22, 2019

ငွေ ၇ သိန်းကျော် အလွဲသုံးစား လုပ်သော လယ်ယာစိုက်ပျိုးရေးဘဏ်မန်နေဂျာကို အဂတိလိုက်စားမှု ဥပဒေဖြင့် အမှုဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်မာလာတင်ကို ငွေ ၇ သိန်းကျော် အဂတိလိုက်စားမှုဖြင့် အမှု ဖွင့် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်သည်။


တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် လေးအိမ်တန်းကျေးရွာအုပ်စုမှ တောင်သူ (၁၄)ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၈၉၇၀၅၆၀ ကျပ် ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပေးဆပ်သည်ဟု မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ယင်းတောင်သူ (၁၄)ဦးအား ၂၀၁၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ချေး ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေ ပေးဆပ်ရန်ကျန် တောင်သူ ၁၁ ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁၀၀ဝကျပ်-နှင့် ငါးရာခိုင်နှုန်း အတိုးဖြင့် အပိုဆောင်းပေးရငွေကျပ် ၇၇၀၅၅ဝကျပ် အား ဒေါ်မာလာတင်က ကိုယ်တိုင် လက်ခံ ရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင် သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အတိုးငါးရာခိုင်နှုန်း ကျပ် ၇၇၀၅၅ဝကျပ် ကို မိမိ ကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်)အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရှိရသည်။

No comments:

Post a Comment