Wednesday, May 22, 2019

အနောက်တောင်လေ အားမကောင်းသေးသဖြင့် ပုံမှန်ခန့်မှန်းထားမှုထက် မြန်မာနိုင်ငံသို့ မုတ်သုံအဝင် နောက်ကျ

အနောက်တောင်လေ အားမကောင်းသေးသဖြင့် ပုံမှန်ခန့်မှန်းထားမှုထက် မြန်မာနိုင်ငံသို့ မုတ်သုံအဝင် နောက်ကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။ “မုတ်သုံကဝင်ဖို့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတယ်။ အနောက်တောင်လေတွေက ကောင်းကောင်း အားမကောင်းသေးဘူး။ ၂၂ ရက်နေ့လောက်မှ မြန်မာနိုင်ငံတောင်ပိုင်းစွန်း ကော့သောင်းလောက်ကို ရောက်မှာဆိုတော့ ၂၄-၂၅-၂၆ လောက်မှ မြန်မာနိုင်ငံ တောင်ပိုင်းကို ဝင်နိုင်တဲ့ အနေအထားလောက်ရှိတယ်။ ပုံမှန်ခန့်မှန်းထားတာထက် နည်းနည်းလေး နောက်ကျမယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။



ထို့ပြင် မုတ်သုံဝင်ရောက်ရန် စံသတ်မှတ်ချက်များဖြစ်သည့် အရှေ့ဘက်ကလာသည့် အထက် လေစီးကြောင်းများသည် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြောင်း၊ မုတ်သုံဝင်ရောက်ပြီဆိုပါက အဆိုပါ အချက်များ အမြဲရှိနေရမည်ဖြစ်ကြောင်း၊ မုတ်သုံဝင်ရန် အချက်များ ပြသနေကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“မုတ်သုံဝင်ဖို့ စံသတ်မှတ်ချက်တွေ အကုန်ပြန်ကြည့်တာပေါ့။ အခုနောက်ပိုင်းမှာတော့ မုတ်သုံဝင်ဖို့ အချက်အကုန်လုံးကို ကြည့်လို့မရတော့ဘူး။ တစ်ဝက်လောက်နဲ့လဲ မုတ်သုံသွင်းလိုက်ရတယ်။ အခု မုတ်သုံဝင်ဖို့ အချက်သုံးချက်လောက်ပဲ တွေ့ရသေးတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မုတ်သုံဝင်ရန်အတွက် အချက် ၁၃ ချက် သတ်မှတ်ထားကြောင်း၊ အဓိကအားဖြင့် အနောက်တောင်မှလာသည့် လေတိုက်ခိုက်နှုန်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တောင်ပိုင်းစွန်းတွင် ၂ မီလီမီတာအထက် မိုးငါးရက်ဆက်တိုက် ရွာသွန်းရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း၌ အထက်လေစီးကြောင်း ပေါ်လာရမည်ဖြစ်ကြောင်း၊ တောင်တရုတ် ပင်လယ်ရှိ Anti Cyclone အနေအထားကို ကြည့်ကြောင်း၊ ပေ ၃၈၀၀၀ ရှိ လေတိုက်နှုန်း အနေအထားများ စသည့်အချက်များကို ကြည့်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“အချက်အလက် တော်တော်များများ ကြည့်ပြီးတော့ စံသတ်မှတ်ချက် လေးငါးခြောက်ခုလောက်ပြည့်ရင် မုတ်သုံသွင်းပါတယ်။ အိန္ဒိယကတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကို ပြီးခဲ့တဲ့ နှစ်ရက်ထဲက မုတ်သုံစသွင်းနေပြီ၊ ကျွန်တော်တို့ ဘက်ထဲမှာတော့ လေတွေက သိပ်အားမကောင်းသေးဘူး” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မေ တတိယ ၁၀ ရက်ပတ် မိုးလေ ဝသခန့်မှန်းချက်တွင် အနောက်တောင် မုတ်သုံလေသည် မေ ၂၁ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့လည်း ကောင်း၊ မေ၂၄ ရက်မှ ၂၈ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများသို့ လည်းကောင်း၊ မေ ၂၉ ရက်မှ ဇွန် ၃ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ လည်းကောင်း ဝင်ရောက်နိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည်အား အသင့်အတင့် ရှိနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းမှု အခြေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားမှုအရ သိရသည်။

No comments:

Post a Comment