Wednesday, May 22, 2019

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ Potential အကျဆုံး နယ်စပ်ဂိတ် ဖြစ်သည့် မောတောင်-ဆင်းခွန်ဂိတ်မှ ခရီးသွားကဏ္ဍ တိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံမှ အချိန်သုံးနှစ် ကြာမြင့်မည့် သုတေသန စတင် လုပ်ဆောင်လာ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဂိတ်များအနက် Potential အကျဆုံး နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်-ဆင်းခွန်ဂိတ်မှ ခရီးသွားကဏ္ဍတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံမှ အချိန် ၃ နှစ် ကြာမြင့်မည့် သုတေန စတင်လုပ်ဆောင်လာကြောင်း သိရသည်။ြ မန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ်သော ထိုင်းနိုင်ငံရှိ ပရာကျော့ခီရီခံခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ခရီးသွားလာရေး နေရာများကို တစ်ခုချင်းစီ သုတေသန ပြုလုပ်မည့် အစီအစဉ်ကို ထိုင်းနိုင်ငံအစိုးရမှ ချူလာလောင် တက္ကသိုလ်အား တာဝန်ပေးခဲ့ပြီး တက္ကသိုလ်မှ ပညာရှင်များက မြိတ်ခရိုင်အတွင်း စတင်သုတေသနပြုလုပ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။



ASEAN Tourism Connectivity; Prachuap Khiri Khan – Myeik Economic Corridor ခေါင်းစဉ်ဖြင့် မြိတ်မြို့ရှိ ဟိုတယ် ဂရင်းဂျိတ်တွင် မေ ၂၀ ရက်က ဆွေးနွေးခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုနှင့် ထိုင်းနိုင်ငံ ချူလာလောင်တက္ကသိုလ်မှ Prof.Dr. Nual noi Treerat ဦးဆောင်သော အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ASEAN Tourism Connectivity ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆောင်ရွက်ခြင်း ဖြစ်ပြီးတော့ နောက်စာတမ်းတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါက Creative Tourism ဖြစ်ပါတယ်။ ဒီစာတမ်း နှစ်ခုစလုံးကို ထိုင်းနိုင်ငံ အစိုးရမှ ချူလာလောင်ကွန်း တက္ကသိုလ်ကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ ပညာရှင်တွေကို ဖိတ်ကြားပြီး Team တစ်ခု ဖွဲ့ကာ သုတေသန စာတမ်းကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်အနေနှင့် သုတေသနစာတမ်းရဲ့ Reach တစ်ဦးအနေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်နှင့် လုပ်ကိုင်ရမယ့် အရာတွေက ထိုင်းနှင့် မြန်မာနိုင်ငံကြားမှာ ဖွံ့ဖြိုးတိုးတက်တဲ့၊ ခိုင်မာတဲ့ ရေရှည်မှာ အမြဲတမ်း ဖွံ့ဖြိုးတိုးတက်တဲ့ Tourism တစ်ခု ဖြစ်လာဖို့ပါ။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြားမှာရှိတဲ့ ဂိတ်ပေါက်တွေကြားမှာ လုပ်နိုင်တဲ့ နေရာတွေကို စဉ်းစားတဲ့အခါမှာ ကော့သောင်း-ရနှောင်း၊ ထီးခီး-ပူနမ် စသဖြင့် ဂိတ်တွေလည်း ပါဝင်ခဲ့တယ်။ ဒီဂိတ်တွေကနေလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Potential အကျဆုံးကတော့ မောတောင်- ဆင်းခွန်ဂိတ် (သို့မဟုတ်) ပရာကျော့ခရီခံခရိုင်-မြိတ်ခရိုင်ပဲ ဖြစ်တယ်။ ဒါကြောင့် ခရီးသွားလာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ကဆိုရင် လူတန်းစား အလွှာအသီးသီးကို ဝင်ငွေအချိုးကျ ရောက်ရှိစေတာပါ။ နောက်ထပ် ယုံကြည်မှုတစ်ခုက ခရီးသွားလုပ်ငန်းကြောင့် တိုးတက်ဖွံ့ဖြိုးမှုက ညီညီမျှမျှ ရောက်ရှိသွားမှာ ဖြစ်တဲ့အတွက် လူတန်းစား ကွာခြားမှုတွေကို ကျဉ်းမြောင်းစေမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကိုလည်း အထိုက်အလျောက် ကုစားနိုင်မှာ ဖြစ်ပါတယ်” ဟု သုတေသီဆရာ ဦးအောင်ကြည်မြင့်က ဆိုသည်။

ပထမဆုံး သုတေသနခရီးစဉ်အဖြစ် ချူလာလောင်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ သမိုင်း သုတေသီများ ပါဝင်သည့်အဖွဲ့မှာ ပရာကျော့ခီရီခံနှင့် မြိတ်ခရိုင်အတွင်းရှိ နေရာများကို ငါးရက်တာ လိုက်လံ သုတေသနပြုခဲ့ကြောင်း သိရသည်။

“ထိုင်းနိုင်ငံ အနေနှင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက် ကတည်းက လုပ်လာခဲ့တယ် ဆိုတော့ အရမ်းကို အရှေ့ကို ရောက်နေပြီ။ အစိုးရရဲ့ အားပေးကူညီမှု တစ်ဦးချင်းစီရဲ့ နားလည်မှု၊ သန့်ရှင်းသန့်ရပ်မှု၊ အတွေ့အကြုံတွေ က ကျွန်တော်တို့ ထက်များစွာ သာနေပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း စိတ်မပျက်စေပဲ တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဆီမှာ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ သဘာဝတရားတွေ အများကြီး ရှိနေပါတယ်။ အဲဒါတွေကို အမှီပြုပြီး ခရီးသွားလုပ်ငန်းကို စနစ်တကျ ကြိုးစားကြမယ်ဆိုရင် ထိုင်းနိုင်ငံထက် မသာတာတောင် တော်တန်ရုံ ဖွံ့ဖြိုးလာမယ်ဆိုတာ သုံးသပ်မိပါတယ်။ ထိုင်းမှာဆိုရင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး အစိုးရက စနစ်တကျ လုပ်ဆောင်ပေးထားတာ ရှိပါတယ်။ ခရီးသွားလုပ်ငန်း တချို့အစိတ်အပိုင်းတွေကို အထောက်အပံ့ လုပ်ပေးတာတို့ အခွန်မကောက်တာတွေ၊ နည်းပညာတွေကို ကူညီပေးတယ်။ ကျွန်တော်တို့ ဘက်မှာတော့ အစစအရာရာ လိုနေသေးတယ်။ ဥပမာ ကျွန်တော်တို့ဆီမှာ ရန်ပုံငွေ မရှိတာလည်း ပါတယ်။ အကွင်းအကွက် မမြင်တတ်ကြတာလည်း ပါမယ်။ တနင်္သာရီမြို့မှာဆိုရင် သဘာဝကို အခြေခံထားတဲ့ ခြေတော်ရာတောင် ရှိတယ်။ တနင်္သာရီ မြစ်ကူးတံတားအဟောင်းက အရှည်ကြီးပါ။ ဒါကို မဖျက်ပစ်ဘဲ ခရီးသွားလုပ်ငန်းအတွက် သုံးလိုက်ရင် အရမ်းကောင်းမယ့် အနေထားရှိပါတယ်။ အဲဒါတွေကိုလည်း ကြည့်ပြီး ပြည်သူနှင့် အစိုးရ ပူးပေါင်း လုပ်ဆောင်သွားရင် တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်”ဟု တနင်္သာရီမြို့နယ် စာပေနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ဆိုသည်။

သုတေသန ဆောင်ရွက်ရာတွင် အပိုင်း သုံးပိုင်းခွဲပြီး ဆောင်ရွက် သွားမည်ဖြစ်ပြီး ပထမအပိုင်းတွင် ပရာကျော့ခရိုင်မှာရှိတဲ့ ခရီးသွား အပန်းဖြေမယ့် နေရာကို ဖော်ထုတ်ခြင်း၊ မြိတ်ခရိုင်မှာရှိတဲ့ ခရီးသွားလာရေး နေရာများကို သုတေသန ပြုလုပ်ခြင်းတို့ဖြစ်ပြီး ဒုတိယအပိုင်းတွင် မြိတ်ခရိုင်နှင့် ပရာကျော့ခရိုင် နှစ်ခုကြားမှာ ဆက်စပ်ပြီး သုတေသန လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ တတိယအပိုင်းတွင် သုတေသန ပြုလုပ်ထားချက်များကို နှစ်နိုင်ငံ အစိုးရသို့ တင်ပြသွားရန် ဖြစ်ကြောင်း၊ သုတေသန စာတမ်းကို အချိန် သုံးနှစ်ကြာ လုပ်ဆောင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းကို အကျိုးစေမည့် အချက်များ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment