Wednesday, May 22, 2019

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် မင်းဘူးမြို့နယ် အတွင်းရှိ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ယခုလကုန်တွင် မဂ္ဂါဝပ် ၂၀ စတင်ထုတ်လုပ်မည်

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထား သည့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နှင့် ၁၆ မိုင်အကွာ မင်းဘူး-အမ်းကားလမ်း ဝဲ ဘက်ရှိ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ယခု မေလကုန်တွင် မဂ္ဂါဝပ် ၂၀ စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် စက်ရုံတာဝန်ရှိသူများထံမှ သိရသည်။


အဆိုပါ စက်ရုံတည်ထောင်ရန် ယခင်အစိုးရလက်ထက် ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်ကတည်းက သဘောတူညီမှု ရရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က လျှပ်စစ်စတင် ထုတ်လုပ်နိုင်ရန် စတင်အကောင်အထည် ဖော်ခဲ့ပြီး ယခု မေလကုန်တွင် ယင်းစက်ရုံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀ စ တင် ထုတ်လုပ်မည်ဖြစ်ကြောင်း ထိုစက်ရုံမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို မင်းဘူးမြို့နယ် မန်းဓာတ်အားခွဲရုံသို့ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

ယင်းဓာတ်အားပေး စက်ရုံကို GREEN EARTH POWER (Myanmar) ကုမ္ပဏီမှ ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း စက်ရုံမှ ထုတ်လုပ်သမျှ လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပေးပို့ သွားမည်ဖြစ်ပြီး ယခုမေလကုန်တွင် စတင်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀ ကို မင်းဘူး- အမ်း မဟာဓာတ်အားလိုင်းပေါ်သို့ ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ယခင်အစိုးရ လက်ထက်ကတည်းက တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၇၅ ဆင့် (လက်ရှိ မြန်မာငွေ ကျပ် ၁၉၀) ခန့်ဖြင့် ပေးချေရန် သဘောတူညီထားခဲ့ကြောင်း၊ ပထမဆုံးထုတ်လုပ်မည့် မဂ္ဂါဝပ် ၄၀ အထိကို ယင်းဈေးဖြင့်သာ ပေးချေသွားမည်ဖြစ်ပြီး စုစုပေါင်းထုတ်လုပ်ရန် ရည်ရွယ်ထားသည့် မဂ္ဂါဝပ် ၁၇၀ မှ ပထမဆုံး ထုတ်လုပ်သည့် မဂ္ဂါဝပ် ၄၀ အနက် ကျန်မဂ္ဂါဝပ်များအတွက် ဈေးနှုန်းပြင်ဆင် သတ်မှတ်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြား သည်။
“ဒီစက်ရုံကထွက်တဲ့ ဓာတ်အားကို မဟာဓာတ်အားလိုင်းဆီ ပေးပို့မှာ ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး လိုအပ်တဲ့ နေရာကို စီးဆင်းသွားမှာပါ။ ဒါပေမယ့် အစမှာတော့ ရခိုင်ပြည်နယ်ကို များများစီးဆင်းမယ်လို့ မျှော်မှန်းထားပါတယ်။ စတင်စမ်းသပ်မှာလည်း မင်းဘူး-အမ်းလိုင်းနဲ့ အရင်ဆုံး စမ်းသပ်မှာပါ။ မဂ္ဂါဝပ် ၂၀ ထုတ်လို့ အောင်မြင်သွားပြီ ဆိုရင်တော့ နောက်ထပ် မဂ္ဂါဝပ် ၂၀ သူတို့ထုတ်လိမ့်မယ်။ အခု ကျွန်တော်တို့ နိုင်ငံက လျှပ်စစ်ဓာတ်အား လိုအပ်နေတယ် ဆိုပေမဲ့ အရင်အစိုးရ လက်ထက်က သဘောတူခဲ့တဲ့ တစ်ယူနစ်ကို မြန်မာငွေကျပ် ၁၉၀ လောက်ဆိုတာက ဈေးမြင့်နေပါတယ်။ ဒါပေမဲ့  အခုပထမအဆင့်ထုတ်မယ့် မဂ္ဂါဝပ် ၄၀ အထိတော့ အဲဒီဈေးနဲ့ပဲ ပေးချေသွားပြီး နောက်ထပ် ဒုတိယ၊ တတိယ၊ စတုတ္ထ အဆင့်တွေအနေနဲ့ ထပ်မံထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အားတွေ အတွက်တော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဈေးနှုန်းပြင်ဆင် သတ်မှတ်ဖို့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးသွားပါမယ်” ဟု ဦးမြင့်ဇော်က ပြောကြားသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ Senior Project Manager တစ်ဦးဖြစ်သည့် Mr. Teevor Doniav က “နိုင်ငံတစ်နိုင်ငံအတွက် အဓိက လိုအပ်ချက်က လျှပ်စစ်ပါ။ လျှပ်စစ်ရရှိမှ နိုင်ငံသူ နိုင်ငံသားတွေက တိုးတက်ရာ တိုးတက်ကြောင်းတွေကို လုပ်နိုင်မယ်။ အခုလို ပြန်ပြည့်မြဲ စွမ်းအင်တွေကိုလည်း ရရှိနေပြီဖြစ်တော့ ဒီလိုပြန်ပြည့်မြဲ စွမ်းအင်သုံး စက်ရုံမျိုးတွေ အများကြီး ရှိလာစေချင်ပါတယ်။ ဒီနိုင်ငံမှာ မြေတွေလည်းရှိတယ်။ လုပ်အားတွေလည်းရှိတယ်။ လူတွေလည်းရှိတယ်။ အစိုးရကောင်းလည်း ရှိနေတဲ့အချိန်မှာ ဒီလိုစက်ရုံတွေ များများတည်ဆောက်ပြီးတော့ လျှပ်စစ် မရနိုင်သေးတဲ့ ဒေသတွေကို လျှပ်စစ်ပိုမိုရအောင် လုပ်ပြီးတော့ နိုင်ငံတိုးတက်အောင်လုပ်ဖို့ အကြံပေးလိုပါတယ်။ ကျွန်တော်တို့လို နိုင်ငံတကာက ကျွမ်းကျင်သူတွေကိုခေါ်ပြီး ဒီလိုမျိုး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ များများတည်ပြီး နိုင်ငံတိုးတက်အောင်လုပ်ဖို့ အကြံပေးလိုပါတယ်” ဟု ပြောကြားသည်။

အဆိုပါစက်ရုံသည် မင်းဘူး-အမ်း ကားလမ်း၏ ဝဲဘက်ဇီးအိုင်ကျေးရွာနှင့် လေးပင်ကျေးရွာ အကြားတွင် တည်ရှိပြီး မြေဧက ၈၀ဝ ကျော် ကျယ်ဝန်းကြောင်း ထိုမြေဧရိယာတွင် မြေလွတ်မြေရိုင်းများ အများဆုံးပါဝင်ပြီး သစ်တောဧရိယာ အနည်းငယ် ပါဝင်ကြောင်း၊ ထိုစက်ရုံမှ ပထမဆုံးအဖြစ် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ အထိ စတင်ထုတ်လုပ် သွားမည်ဖြစ်ပြီး ထိုမဂ္ဂါဝပ်အတွက်ပင် ဆိုလာပြား တစ်သိန်းခွဲခန့် အသုံးပြုထားကြောင်း ထိုစက်ရုံမှ မဂ္ဂါ ပ် ၄၀ ဓာတ်အားလိုင်းသုံးလိုင်း၊ မဂ္ဂါဝပ် ၅၀ ဓာတ်အားလိုင်း တစ်လိုင်းတို့ဖြင့် မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment