Wednesday, May 22, 2019

ထိုင်းနိုင်ငံက နိုင်ငံမဲ့ ရှမ်းမိန်းကလေး အမေရိကန်တွင် သိပ္ပံတီထွင်ဆုရရှိ

Image may contain: 1 person, smilingထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်က နမ့်ဖိန့်ပန်းယား အမည်ရှိ နိုင်ငံမဲ့ ရှမ်းတိုင်းရင်းသူ ကျောင်းသူလေးတဦးဟာ အမေရိကန်နိုင်ငံ လူငယ်သိပ္ပံတီထွင်မှု ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ထူးချွန်ဆုလည်း ရရှိခဲ့ပါတယ်။ သူတို့အသင်းဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှ ၁၇ ရက်အထိ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖိနစ်စ်မြို့မှာ ကျင်းပတဲ့ Science Project Competition – Intel ISEF 2019 နိုင်ငံတကာ လူငယ်သိပ္ပံပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။



ပြိုင်ပွဲမှာ သူတို့အသင်းအနေနဲ့ စပါးမျိုးစေ့တွေ မိုးရေအချိန်မီမရခင် သေသွားနိုင်တဲ့ အခြေအနေမှ ကာကွယ်ဖို့ ဒေသထွက် သစ်ပင်ကရတဲ့ အစေးနဲ့ မျိုးစပါးစိုထိုင်းဆ ထိန်းသိမ်းနိုင်တဲ့အရာ တီထွင်ယှဉ်ပြိုင်ခဲ့ပြီး အထူးဆု ဒုတိယဆုကို ရရှိခဲ့တာပါ။

ပြိုင်ပွဲဝင်လူငယ်တွေဟာ တောင်သူလယ်သမား မိဘတွေက မွေးဖွားလာလို့ စိုက်ပျိုးရေးကို သိပ္ပံပညာနဲ့ ပိုမိုထွန်းကားအောင် ဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်နဲ့ မျိုးစေ့ထိန်းသိမ်းနည်း တီထွင်ရတာလို့ သတင်းထောက်တွေကို ပြောပါတယ်။

ပြိုင်ပွဲမှာ ဆုတံဆိပ်အပြင် USAID အဖွဲ့က ချီးမြှင့်တဲ့ ပညာသင်ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၃၀၀၀ ကိုလည်း ရရှိခဲ့ပါတယ်။

ဒီမတိုင်ခင်က နမ့်ဖိန့်ပန်းယားဟာ နိုင်ငံမဲ့ဖြစ်လို့ ထိုင်းနိုင်ငံသား မှတ်ပုံတင် မရှိပေမယ့် နိုင်ငံခြားမှာ သွားပြိုင်နိုင်ဖို့ ထိုင်းနိုင်ငံက အထူးနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်သံရုံးကတော့ သူဟာ နိုင်ငံမဲ့ဖြစ်တဲ့အတွက် ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ၂ ကြိမ် ငြင်းပယ်ခဲ့ပါတယ်။

အဲဒီနောက် ထိုင်းပြည်ထဲရေးဌာနက သူ့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားပြုခွင့် ဥပဒေအရ ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပြုပြီး ထိုင်းနိုင်ငံသား ပတ်စ်ပို့နဲ့ သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

အလားတူ ထိုင်းတောင်ပိုင်း ရနောင်းမြို့က နောင့်ဖလွဲ ခေါ် ယွန်းရဒီ ပီယဖတ် ဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာလည်း လာမယ့်ဇွန်လတွင်း အမေရိကန်နိုင်ငံ Genius Olympaid in New York က လူငယ်သိပ္ပံပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ဖို့ အရွေးခံရပေမယ့် သူဟာ မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ပါးက မွေးဖွားပြီး နိုင်ငံမဲ့ကလေး ဖြစ်နေလို့ နိုင်ငံခြားသွားဖို့ အခက်အခဲ ရှိခဲ့ပါတယ်။

ဒါကြောင့် သူမအနေနဲ့ ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၁၀ ရက်မှာ သူ့ကို ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ် ထုတ်ပေးခဲ့ပါတယ်။

No comments:

Post a Comment