Wednesday, June 26, 2019

မိုဘိုင်းခေတ်တွင် Android ၏နောက်၌ ကျန်နေခဲ့မှုသည် မိုက်ခရိုဆော့၌ သူ၏အကြီးဆုံးအမှားဟု ဘီဂိတ်ပြောကြား

မိုက်ခရိုဆော့ဖ်ကို ပူးတွဲတည်ထောင်သူ ဘီဂိတ်က မိုက်ခရိုဆော့ဖ်၌ ရှိနေစဉ် သူ၏အကြီးဆုံးအမှားမှာ Google ၏ Android ကို လွှမ်းမိုးကြီးထွားခွင့်ပေးခဲ့မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ မိုက်ခရိုဆော့ဖ်၏ ၄၄ နှစ်ကြာ သမိုင်းတွင် Windows စနစ်သည် ကုမ္ပဏီ၏ ပင်မအစိတ်အပိုင်း ဖြစ်နေခဲ့သည်။ သို့သော်လည်း မိုဘိုင်းစနစ်တွင် မိုက်ခရိုဆော့ဖ်သည် ခေါင်းဆောင်မှုနေရာကို အနိုင်ရရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ မိုဘိုင်းစနစ်များတွင် Google နှင့် Apple တို့၏နောက်၌ မိုက်ခရိုဆော့ဖ်က ကျန်နေခဲ့သည်။



ယနေ့အချိန်တွင် Windows စနစ်သည် မိုက်ခရိုဆော့ဖ်၏ ဝင်ငွေနှင့်အမြတ်များအတွက် အဓိကရင်းမြစ်ဖြစ်နေဆဲဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် အမေရိကန်အာဏာပိုင်များနှင့် လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး တရားရေးတိုက်ပွဲကို ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရသောကြောင့် မိုဘိုင်းနည်းပညာ၌ အဓိကကုမ္ပဏီဖြစ်လာရန် အခွင့်အရေးကို မိုက်ခရိုဆော့ဖ်က လက်လွတ်ခဲ့ရသည်ဟု ဘီဂိတ်က ပြောကြားခဲ့သည်။

ဝါရှင်တန်တွင် ဖိုရမ်တစ်ခုတက်ရောက်ခဲ့သော ဂိတ်ကတစ်ကိုယ်ရည်သုံး ကွန်ပျူတာများအတွက် စက်လည်ပတ်စနစ်ကို ဆောင်ရွက်နေခဲ့ပြီး မိုဘိုင်းဖုန်းများ အလွန်ခေတ်စားလာမည်ကို သိခဲ့ကြောင်း၊ တရားရေးတိုက်ပွဲကြောင့် အတော်ဆုံးသူများကို အလုပ်နေရာချထားရန် မဆောင်ရွက်နိုင်ခဲ့ကြောင်း ဂိတ်က ပြောကြားခဲ့သည်။

မိုက်ခရိုဆော့ဖ်၏ လက်ရှိအမှုဆောင်ချုပ် ဆာတရာနာဒယ်လာသည် မိုက်ခရိုဆော့ဖ်ကို ဈေးကွက်တန်ဖိုး ဒေါ်လာ တစ်ထရီလျံကျော်ရှိသော ကုမ္ပဏီဖြစ်လာရန် ပြန်လည်ပုံသွင်းခဲ့မှုအတွက် ဂိတ်က ချီးကျူးခဲ့သည်။ သို့သော်လည်း မိုက်ခရိုဆော့ဖ်နှင့် အခြားဆော့ဖ်ဝဲကုမ္ပဏီကြီးများသည် ထိပ်တန်း Cloud ကုမ္ပဏီဖြစ်လာရန် ဆောင်ရွက်မှုတွင် Amazon ကို လိုက်မမီနိုင်ခဲ့ခြင်းအတွက် ဂိတ်က ဝေဖန်ခဲ့သည်။

မိုက်ခရိုဆော့ဖ်တွင် နည်းပညာအကြံပေးအဖြစ် ဆောင်ရွက်နေသော ဘီဂိတ်သည် ၎င်း၏အချိန် ခြောက်ပုံတစ်ပုံခန့်ကိုသာ မိုက်ခရိုဆော့ဖ်အတွက် သုံးစွဲပြီး ကျန်အချိန်များကို သူ၏ အများအကျိုးပြုဖောင်ဒေးရှင်းနှင့် အနာဂတ်စွမ်းအင်တစ်ခုတို့၌ မြှုပ်နှံထားသည်။

Google ၏ Android စနစ်သည် မိုဘိုင်းကိရိယာများ၏ ၇၅ ရာခိုင်နှုန်းကျော်တွင် သုံးစွဲနေကြောင်း Statcounter က မေလတွင် ထုတ်ပြန်ခဲ့သော စစ်တမ်း၌ဖော်ပြခဲ့သည်။ Google သည် ၂၀၀၅ ခုနှစ်တွင် Android ကို ဒေါ်လာ သန်း ၅၀ ခန့်နှင့် ရယူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် Android စနစ်သုံး HTC Dream ကို ပထမဆုံး စတင်ထုတ်လုပ်ခဲ့သည်။ မိုက်ခရိုဆော့ဖ်သည် ၎င်း၏ ကိုယ်ပိုင်မိုဘိုင်းစနစ် Windows Mobile ကို ထုတ်လုပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။ မိုဘိုင်းနည်းပညာ စတင်ခေတ်စားချိန်တွင် မိုက်ခရိုဆော့ဖ်၏ အမှုဆောင်ချုပ်သည် ဘီဂိတ်မဟုတ်ဘဲ စတိဘောမားဖြစ်သည်။

No comments:

Post a Comment