Wednesday, June 26, 2019

ဘင်္ဂလားဒေ့ရှ်တွင် ငါးသားပေါက်ရာသီအတွင်း ငါးဖမ်းခွင့် ပိတ်ပင်

ငါးကောင်ရေ တိုးပွားရေးနဲ့ အလွန်အကျွံငါးဖမ်းမှု ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ မေလ ၂၀ ကနေ ဇူလိုင် ၂၃ ထိ ငါးဖမ်းခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့် နိုင်ငံတလွှား ငါးဖမ်းသမားတွေကနေ ငါးဖမ်းသင်္ဘောပိုင်ရှင်တွေ၊ ကုန်သည်တွေ၊ ငါးစက်ရုံတွေနဲ့ ဝန်ထမ်းတွေပါ အကျိုးသက်ရောက်မှု ခံစားနေရပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းက ငါးမျိုးစိတ် အများအပြားအတွက် သားပေါက်ရာသီဖြစ်တဲ့ ၆၅ ရက်တာ ကာလကို ငါးမဖမ်းရ ကာလအဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပထမဆုံး ပိတ်ပင်တားမြစ်ခဲ့တာပါ။



တားမြစ်ပိတ်ပင်ချက် တလပြည့်အပြီးမှာ ငါးဖမ်းလှေတွေဟာ ကောက်ဘဇားမြို့နားက ဘက်ခါလီမြစ်မှာ ငြိမ်သက်နေပါတယ်။ ဆိပ်ကမ်းတွေလည်း သင်္ဘောကင်းမဲ့နေပြီး အလုပ်သမားတွေက ပိုက်တွေ၊ လှေတွေကို ပြင်ဆင်နေပါတယ်။

ငါးဖမ်းသမားတွေနဲ့ ကာယလုပ်သားတွေ အများအပြားဟာ ခုလိုအချိန်မှာ အချိန်ဖြုန်းဖို့ကလွဲပြီး တခြား အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မရှိကြဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကောက်ဘဇား ကမ်းရိုးတန်းမြို့မှာ ငါးဖမ်းသင်္ဘော အစီးလေးထောင်နဲ့ ငါးဖမ်းသမား အယောက် ၈ သောင်း ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

လောလောဆယ်မှာတော့ ကုန်သည်တွေဟာ တားမြစ်ပိတ်ပင်ချက် မထုတ်ခင်က ဖမ်းပြီး အေးခဲထားတဲ့ ငါးတွေကို ဒေသတွင်း ဈေးတွေမှာ ရောင်းနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းမှာ လူအယောက် သန်း ၂၀ လောက်နေပြီး ငါးလုပ်ငန်းအပေါ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် မှီခိုနေကြရတာပါ။

ငါးမဖမ်းရ ပိတ်ပင်ချက်ကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ ငါးဖမ်းသမားတွေကို ကူညီဖို့ ငါးလုပ်ငန်းဌာနက မိသားစု လေးသိန်းအတွက် တစုကို တလ ဆန်ကီလိုလေးဆယ် ပံ့ပိုးပေးဖို့ စီစဉ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့ငါးဈေးကွက်က အဓိကတင်ပို့သူ တနိုင်ငံပါ။ ၂၀၁၆ က ငါးတန်ချိန် လေးသန်း တင်ပို့ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းအင်းတွေက ဆိုပါတယ်။

No comments:

Post a Comment