Wednesday, June 26, 2019

တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားကောင်းမွန်မှသာ အများက လေးစားကြမည်ဖြစ်၊ ကာကွယ်ရေးစွမ်းပကားကို ခိုင်မာအောင်တည်ဆောက်နေ၊ ကာကွယ်ရေးစွမ်းပကား လျော့နည်းသွားခြင်းမရှိစေရန် ကာကွယ် ရေးအမြင်ဖြင့်သတိပြုကြရန်လို

တပ်မတော်၏ ကာကွယ်ရေးစွမ်းပကားကောင်းမွန်မှသာ အများက လေးစားကြမည်ဖြစ်၍ ကာကွယ်ရေး စွမ်းပကားကို ခိုင်မာအောင်တည်ဆောက်နေကြောင်း၊ တပ်မတော်၏အမျိုးသားနိုင်ငံရေးကဏ္ဍ ပျောက်ပျက်သွား အောင်၊ မျိုးချစ်စိတ်ဓာတ်များ ပျက်ပြားသွားအောင် လုပ်ဆောင်ချက်များနှင့် နိုင်ငံရေးတည်ငြိမ်မှုမရှိသေးဘဲ စီမံခန့်ခွဲမှု လွဲချော်ခြင်းများကြောင့် ဒီမိုကရေစီလမ်းကြောင်း ယိမ်းယိုင်မသွားစေရန်နှင့် ကာကွယ်ရေး စွမ်းပကား လျော့နည်းသွားခြင်းများမရှိစေရန် ကာကွယ်ရေးအမြင်ဖြင့် သတိပြုကြရန် လိုကြောင်း၊ ကာကွယ်ရေးစွမ်းအားကို တည်ဆောက်နေရုံဖြင့်မရဘဲ ခိုင်မာထက်မြက် နေအောင်လည်း လေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျဉ်ပုံကြီးတပ်နယ်ရှိအရာရှိ၊ စစ်သည်များအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။



အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာ နချုပ်တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပျဉ်ပုံကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံနှင့် ပြည်သူအတွက် အသက်နှင့်ခန္ဓာ စွန့်လွှတ်၍ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများအတွက် ပြန်လည်နေရာချထား ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ပေးလျက်ရှိကြောင်း၊နိုင်ငံ၏ကာကွယ်ရေးစွမ်းပကားကို တည်ဆောက်ရာတွင် တပ်မတော်သားများ၏ ရှိပြီးသားနိုင်ငံတော်ကာကွယ်လိုစိတ်အခြေခံကို ပိုမိုခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် စွန့်လွှတ်စွန့်စားစွာဖြင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေကြရသဖြင့် ကြောင့်ကြမှုမရှိကြရအောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း၏ ၀င်ငွေ၊ ထွက်ငွေမျှ တအောင် အလေ့အကျင့်လုပ်ကြရန်၊ အသုံးနှင့်အဖြုန်းကိုခွဲခြား နားလည်၍ စည်းစနစ်တကျ ဆင်ခြင်သုံးစွဲကြရန်လိုကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေပြီး ငွေကုန်ကြေးကျများစေသော အရက်၊ ဆေးလိပ်နှင့် ကွမ်းစားသုံးခြင်းများနှင့် အသောက်အစား၊ အစားအသောက်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်လိုကြောင်း။

စည်းကမ်းသည်တပ်မတော်၏ ကျောရိုးဖြစ်ပြီးတပ်မတော်သားအားလုံးသည် ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရကြောင်း၊ တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေး ကိုသာမက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းမဆို စည်းကမ်းမရှိပါက တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ တပ်မတော်၏ ၀တ်စားဆင်ယင်မှု၊ သွားလာနေထိုင်မှုအားလုံး စည်းကမ်းစနစ်ဖြင့်သာ လုပ်ဆောင်ရ ကြောင်း၊ တပ်မတော်သည် တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း၊ ပြည်သူ့အကျိုးရှိရာ ရှိကြောင်း လုပ်ဆောင် လျက်ရှိရာတွင် တပ်မတော်သားများအားလုံး တစ်ဦးချင်း စည်းကမ်းရှိရန်၊ တပ်ဖွဲ့လိုက်စည်းကမ်း ရှိရန်ဆောင်ရွက်ပြီး စည်းကမ်းကောင်းသည့် တပ်မတော်၊ စည်းကမ်းရှိသည့်အဖွဲ့အစည်းများ၊ စည်းကမ်းရှိသည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လူတိုင်းသည်ကိုယ့်ဘ၀ကို တိုးတက်ချင်သည့်စိတ်ရှိကြကြောင်း၊ မိမိတို့ဘ၀ကို ထိခိုက်စေနိုင်သည့် အနေအထိုင်အပြုအမူများ၊ အရက်သေစာသောက်စားမှုများကို ရှောင်ကြဉ်ရန်လိုပြီး မိမိကိုယ်ကိုထိန်းသိမ်းရန်၊ ထုတ်ပြန်ထားသည့် တည်မြဲအမိန့်များကို လိုက်နာရန်၊ မိမိအလုပ်ကိုမိမိတာဝန်ကျေအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ဘ၀အတွက် အထောက်အကူဖြစ်စေနိုင်သည့် အသိပညာ၊ အတတ်ပညာများ ရရှိစေရန် အတွက် စာအုပ်၊ စာစောင်များအား အမြဲဖတ်ရှုလေ့လာနေရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တပ်၊ ဌာနချုပ်များ အလိုက် စာကြည့်တိုက်များဆောက်လုပ်ပေးထားပြီး လိုအပ်သည့် သုတ၊ ရသစာအုပ်စာစောင်များအား ဖြည့်ဆည်းဆောင်ရွက်ပေးထား ကြောင်း၊ ပြင်ပတွင် မသိရှိနိုင်သည့်အကြောင်းအရာများအား စာအုပ်၊ စာပေများမှ သိရှိနိုင်ကြောင်း၊မိမိကိုယ်ကို ထိန်းသိမ်းခြင်းဖြင့် မိမိကိုယ်ကိုကောင်းအောင်လုပ်ရန်၊ မိမိတို့တပ် ကိုကောင်းအောင်လုပ်ရန်၊ တပ်မတော်တစ်ရပ်လုံးကောင်းအောင်လုပ်ရန်၊ ပြည်သူကအား ကိုးရသည့် တပ်မတော်၊ တိုင်းပြည်ကအားထားရသည့် တပ်မတော်တစ်ရပ် ဖြစ်အောင် တစ်ဦးချင်းမှ တပ်များ အလိုက် ထိန်းသိမ်းဆောင်ရွက်ကြရန် အလေးအနက် ထားတိုက်တွန်းမှာကြားသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်များ အတွက် သုတ၊ ရသစာအုပ်စာစောင်များပေးအပ်ရာ နယ်မြေခံတပ်မဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရ ယူသည်။ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စားသောက်ဖွယ်ရာ များအားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အားကစားပစ္စည်းများနှင့် စားသောက် ဖွယ်ရာများအားလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။

၎င်းနောက် နယ်မြေခံတပ်အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ သီးနှံမျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးနေမှု နှင့် မိသားစုများ၏ သက်သာချောင်ချိရေး လုပ်ငန်း များဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေအေးပေးစနစ်ဖြင့် ဥစားကြက်များမွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှုနှင့် DYL ၀က်များ မွေးမြူထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး DYL ၀က်များအား မိဘမျိုးရင်းများ ရရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအား အနာဂတ်အတွက် ကြိုတင်မျှော် တွေးပြီး အောင်မြင်အောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment