Wednesday, June 26, 2019

နယ်သာလန်တွင် ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုကြောင့် အရေးပေါ်ဖုန်းလိုင်းများပါ ရပ်ဆိုင်း

ဇွန် ၂၄ ရက်က နယ်သာလန်တွင် နိုင်ငံသမိုင်းတစ်လျှောက် အဆိုးဆုံး ဆက်သွယ်ရေးစနစ် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝန်း အရေးပေါ် ဖုန်းလိုင်းများပါ ရပ်ဆိုင်းသွားခဲ့သည်။ နိုင်ငံတွင် အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်း ရွိုင်ရယ် ကေပီအင်န်က အစပြုကာ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ဆက်စပ်နေသည့် ဆက်သွယ်ရေးကုမ္ပဏီများ၏ လိုင်းများပါ လေးနာရီကြာ ပြတ်တောက်သွားခဲ့သည်။



မည်သည့်အတွက်ကြောင့် ဆက်သွယ်ရေးစနစ်တစ်ရပ်လုံး ရပ်ဆိုင်းသွားကြောင်းကို မသိရသေးကြောင်း၊ ဟက်ကာ တိုက်ခိုက်ခံရသည့် လက္ခဏာမျိုး မတွေ့ရကြောင်း ကေပီအင်န်က ထုတ်ပြန်ထားသည်။

ကြိုးဖုန်းလိုင်းများနှင့် မိုဘိုင်းဖုန်းလိုင်းများအားလုံး ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ အရေးပေါ် ဆက်သွယ်ရေးစနစ် ပြတ်တောက်ပါက အလုပ်လုပ်နိုင်ရန် အရန်စနစ်ကို အသင့်ဖန်တီးထားသော်လည်း လက်တွေ့တွင် အရန်စနစ်သည် အလုပ်မလုပ်ခဲ့ကြောင်းလည်း ကေပီအင်န်က ထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးစနစ် ပြတ်တောက်ချိန်အတွင်း နိုင်ငံတစ်ဝန်း လမ်းမများတွင် ရဲတပ်ဖွဲ့ကို တိုးမြှင့်ချထားခဲ့သည်။ ၁၁၂ အရေးပေါ်ဖုန်းလိုင်းသည်လည်း ဆက်လိုက်လျှင် သတင်းစာတိုက် တစ်တိုက်၏ ဖုန်းသို့ မှားယွင်းရောက်ရှိသွားခဲ့ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း တရားရေးနှင့် လုံခြုံရေးဝန်ကြီး ဖာဒီနန် ဂရပ်ပါဟက်က ပြောသည်။

အရေးပေါ် ဖုန်းလိုင်း ၁၁၂ ကို ဆက်လျှင် သတင်းစာတိုက် ဖုန်းသို့ ရောက်သွားခြင်းအတွက် "သပ်သပ်နောက်ပြောင်တာလား၊ တကယ်ကြီးဖြစ်တာလား" ဟု အတိုက်အခံ ဂရင်းပါတီဝင် ကတ်သလင်း ဘူတန်ဝက်ဂ်ျက အစိုးရကို သရော်ကာ တွစ်တာတွင် ရေးသားခဲ့သည်။

ဆက်သွယ်ရေးကွန်ရက် ကမောက်ကမပြဿနာကို ယခုနှစ်အတွင်း ခံရသည်မှာ ကေပီအင်န်သာ မဟုတ်သေး။ ဗိုဒါဖုန်း ကုမ္ပဏီသည်လည်း ယခုလဆန်းပိုင်းကပင် ဆက်သွယ်ရေးကွန်ရက် ကမောက်ကမဖြစ်ကာ ဗြိတိန်နှင့် နိုင်ငံများစွာရှိ ဗိုဒါဖုန်း ကွန်ရက် အသုံးပြုသူများ ထိခိုက်ခဲ့ရသည်။

No comments:

Post a Comment