Wednesday, June 26, 2019

သြစတြေးလျတွင် နေအိမ်တလုံး မီးလောင်၊ ကလေး ၃ ဦး သေဆုံး

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ဆင်ဂယ်တန်မြို့မှာ ဇွန်လ ၂၆ ရက် အစောပိုင်းက နေအိမ်တလုံး မီးလောင်ပြီး ကလေး ၃ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ကလေးတွေဟာ ၅ နှစ်အရွယ် အမြွှာညီအစ်မနှစ်ယောက်နဲ့ သူတို့ရဲ့ ၁၁ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ ဖြစ်ပါတယ်။ အဲဒီ မီးလောင်ရာနေအိမ်ကနေ ကလေးတွေရဲ့ မိခင်ဖြစ်သူနဲ့ ၈ နှစ်အရွယ် မိန်းကလေးတယောက်ကို အိမ်နီးချင်းတွေက ကယ်ဆယ်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်မှာတော့ အိမ်နီးချင်းတွေက မီးကို ငြှိမ်းသတ်ပေးနေတယ်လို့ စုံစမ်းရေးမှူးတွေက ဆိုပါတယ်။ မီးတောက်ပြင်းတဲ့အတွက် မီးသတ်သမားတွေဟာ မီးကို အိမ်ထဲမှာ ဆက်မငြှိမ်းသတ်နိုင်ဘဲ အိမ်ပြင်ကနေပဲ ငြှိမ်းသတ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment