Wednesday, June 26, 2019

စည်ပင်ရွေးကောက်ပွဲ မဲရုံတာဝန်ကျ ဆရာမထံမှ ရွှေဆွဲကြိုးလုယက်သူ နှစ်ဦးကိုဖမ်းမိ

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ ကျင်းပစဉ် မဲရုံတာဝန်ကျ ကျောင်းဆရာမ တစ်ဦးထံမှ ရွှေဆွဲကြိုး လုယက်ထွက်ပြေး သူနှစ်ဦးကို နှစ်လကျော်အကြာ၌ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး မိခဲ့သည်။ ရန်ကုန် စည်ပင်ရွေးကောက်ပွဲကျင်းပသည့် မတ်လ၃၁ ရက် နံနက်က အဆိုပါကျောင်းဆရာမသည် မဲရုံစောင့်ရန် တာဝန်ကျနေရာသို့သွားစဉ် လမ်း၌ လုယက်ခံရသည်။



ပြစ်မှုကျူးလွန်သူ ကျော်မင်းဦးနှင့် ရဲရင့်(ခ)ချစ်ကိုကိုတို့ နှစ်ဦးကို ဇွန်လ ၂၄ ရက်  နံနက် ၄ နာရီခန့်တွင် အင်းစိန်မြို့နယ် ငစိန်လမ်းမ ပေါ်၌ ဖမ်းမိခြင်းဖြစ်ကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြသည်။ လုယက်ခံရသည့် ကျောင်း ဆရာမသည် စည်ပင်ရွေးကောက် ပွဲ ကျင်းပသည့်နေ့  နံနက် ၅ နာရီခန့်က တာဝန်ကျသည့် မဲရုံရှိရာ အ.မ.က(၄၃) စာသင်ကျောင်းသို့ သွားစဉ် ဘုရင့်နောင်လမ်းမကြီး  ဘုရင့်နောင်လမ်းဆုံ အနီးအရောက် ဆိုင်ကယ်စီးနင်းသူ နှစ်ဦးက ဆရာမဝတ်ဆင်ထား သည့် လော့ကတ်သီးပါ ရွှေဆွဲကြိုး (တန်ဖိုးကျပ် ၂၄ သိန်း) ကို လုယူထွက်ပြေးခဲ့သည်။ ထိုသို့ လုယူထွက်ပြေးခြင်းကြောင့် ဆရာမသည် လမ်းပေါ်သို့ လွင့်စဉ်ကျခဲ့ကာ ပွန်းပဲ့ဒဏ်ရာများ ရရှိပြီးလက်သန်းတစ်ချောင်း ကျိုးခဲ့ ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ သည်။ ‘‘သူတို့ကို တစ်ယောက်တစ် နေရာစီက ဖမ်းမိတာပေါ့။ သူတို့လုယူသွားတဲ့ ဆွဲကြိုးကိုတော့ အရည်ကျိုပြီး ဆိုင်မှာ သွားရောင်းထားတယ်။ ဆွဲကြိုးအရည်ကျိုထားတာကိုပဲ ပြန်သိမ်းထားပါ တယ်။ ပိုင်ရှင်လက်ထဲကို ပြန်ပေးဖို့ စီစဉ်နေပါတယ်။ အဲဒီနှစ်ယောက်ကို စခန်းမှာချုပ်ပြီး စစ်ဆေးနေပါတယ်’’ ဟု အင်းစိန်မြို့ နယ် ရဲစခန်းမှူး ဒုရဲမှူးတင်လတ် က ပြောသည်။

No comments:

Post a Comment