Wednesday, June 26, 2019

၂၀၂၀ တိုင်းရင်းသားပါတီများကို ဆဝါးကြည့်ခြင်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ် ထွက်လာတော့ တိုင်းရင်းသား ပါတီများအားလုံး၏ မျက်လုံးထဲ တွင် ရခိုင်အမျိုးသားပါတီသည် အားကျအတုယူဖွယ်ရာဖြစ်လာရ သည်။ ဘာကြောင့် အားကျကြ၊ အတုယူကြတာလဲဆိုတော့ ၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်အမျိုး သားပါတီသည် တိုင်းရင်းသား ပါတီများအားလုံးထဲတွင် ထူးထူး  ချွန်ချွန် အနိုင်ရရှိခဲ့သောကြောင့် ဖြစ်သည်။
ဘယ်လောက်တောင် ထူးချွန်ခဲ့သလဲဆိုတော့ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် ၁၂ နေရာ အနိုင်ရရှိခဲ့ပြီး ဒုတိယအများဆုံး အနိုင်ရရှိသော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှာ လေးနေရာသာ အနိုင်ရခဲ့သည်။ အမျိုးသားလွှတ် တော်မဲဆန္ဒနယ်များတွင်လည်း  ရခိုင်အမျိုးသားပါတီက ၁၀ နေ ရာ၊ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးတို့က  တစ်နေရာစီ။ ရခိုင်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်များတွင် ရခိုင်အမျိုးသားပါတီက ၂၂ နေရာ၊ ဒုတိယအများဆုံးဒီချုပ်မှာ ရှစ်နေ ရာသာ။

၂၀၁၅ ရွေးကောက်ပွဲတွင်  တောင်ပြိုကမ်းပြို အကြီးအကျယ် အနိုင်ရရှိခဲ့သော ဒီချုပ်သည် ရှမ်းပြည်နယ်တွင်မူ ပြည်ခိုင်ဖြိုး ပထမနှင့် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ကို ဒုတိယနေရာပေးလိုက်ရပြီး တတိယနေရာ၌ သာကျေနပ်လိုက်ရသလို ရခိုင် ပြည်နယ်တွင် ဒီချုပ်သည် ဒုတိယအများဆုံးအနိုင်ရခဲ့သော်လည်း ပထမအများဆုံးသော ရခိုင်အမျိုးသားပါတီအောက် အပြတ်အသတ်အကွာဖြင့် ဒုတိယရခြင်းသာဖြစ်သည်။

 တိုင်းရင်းသားပါတီများ၏ အနိုင်ရလဒ်အကြမ်းထည်ကို ပြန်လှန်ရသော် ကချင်ပြည်နယ်အ တွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ် စုစုပေါင်း ၁၈ နေရာအနက်  ကချင်ပြည်နယ်အခြေစိုက် တိုင်း ရင်းသားပါတီတို့ အနိုင်ရရှိမှုမှာ သုံးနေရာ။ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် တစ်သီးပုဂ္ဂလတစ် နေရာ၊ ပြည်နယ်လွှတ်တော် စုစု ပေါင်း ၃၆ နေရာအနက် ခြောက် နေရာ။

ကယားနှင့် ကရင်ပြည်နယ် တို့တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်ခုနစ်နေရာ၊ အမျိုးသားလွှတ်  တော် ၁၂ နေရာနှင့် ပြည်နယ် လွှတ်တော် ၁၄ နေရာအနက်ကယားအခြေစိုက်တိုင်းရင်းသား ပါတီတို့ တစ်နေရာမှ အနိုင်မရခဲ့သလို ကရင်တိုင်းရင်းသားပါတီ က ပြည်နယ်လွှတ်တော်တစ် နေရာ အနိုင်ရခဲ့သည်။

ချင်းပြည်နယ်တွင် ပြည်သူ့ လွှတ်တော် ကိုးနေရာအနက် နှစ်နေရာ၊ အမျိုးသားလွှတ်တော် ၁၂နေရာအနက် နှစ်နေရာနှင့် ပြည် နယ်လွှတ်တော် ၁၈ နေရာအနက် နှစ်နေရာချင်းအခြေစိုက် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်  ရခဲ့သည်။

မွန်ပြည်နယ်တွင်မူ ပြည် သူ့လွှတ်တော် ၁၀ နေရာ၌ သုည၊အမျိုးသားလွှတ်တော် ၁၂ နေရာ တွင် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်နေရာ ၂၀ တွင် သုံးနေရာ မွန်တိုင်းရင်းသားပါတီတို့ အနိုင်ရ ခဲ့သည်။

ရှမ်းပြည်နယ် အနိုင်ရလဒ်မှာမူ ပြည်သူ့လွှတ်တော် ၄၈ နေရာတွင် ၂၁ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ခြောက်နေရာနှင့် ပြည်နယ်လွှတ် တော် ၉၆ နေရာတွင် ၄၃ နေရာအနိုင်ရခဲ့သည်။ အထက်ပါရလဒ်များအရ တိုင်းရင်းသားပါတီများ တွင် ရခိုင်အမျိုးသားပါတီက နံပါတ် (၁)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က နံပါတ်(၂)၊ ကျန်တိုင်းရင်းသားပါတီများက မဆိုစလောက် နည်းနည်းနိုင်ရုံ။

ဆိုတော့။ ရခိုင်အမျိုးသား ပါတီ အောင်မြင်ရခြင်း၏ အဓိကအချက်ဘာလဲဟု မေးခွန်းထုတ် ကြသည်။ အားလုံး၏ အဖြေမှာမကွဲပြား။ ရခိုင်တိုင်းရင်းသား ပါတီကြီးနှစ်ခုဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်း ရင်းသား တိုးတက်ရေးပါတီတို့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ  တစ်ပါတီတည်း (ရခိုင်အမျိုးသား ပါတီ)အဖြစ် ပူးပေါင်းလိုက်နိုင် ခြင်း၏ရလဒ်ဟု တညီတညွတ် တည်း အဖြေထုတ်ကြသည်။

အခြေခံဥပဒေပြဋ္ဌာန်းချက် အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကို ဒီချုပ်စိတ်ကြိုက်ဖွဲ့စည်းနိုင်ခဲ့ သော်လည်း ရခိုင်ပြည်နယ်လွှတ် တော်ကိုမူ ရခိုင်အမျိုးသားပါတီ စိတ်ကြိုက်ဖွဲ့စည်းနိုင်ခဲ့သည်။ တိုင်းရင်းသားပါတီတစ်ခုခုက မိမိပြည်နယ်အတွင်း ပြည်နယ်လွှတ် တော်ကို မိမိပါတီစိတ်ကြိုက်ဖွဲ့ စည်းနိုင်မှုမှာ ရခိုင်အမျိုးသားပါတီတစ်ရပ်သာရှိတာမို့ ထပ်အားကျ စရာဖြစ်ရပြန်သည်။

အားကျခြင်းသည် သိပ် မရှည်ကြာ။ ၂၀၁၆ ခုနှစ်တွင် နှစ်ပါတီပြတ်ပြတ်သားသား ကွဲပြဲကြသည်။ ယင်းသို့ ကွဲပြဲမှုအရနှစ်ပါတီ ပေါင်းစည်းခဲ့သော အ မည်ဖြစ်သည့် ရခိုင်အမျိုးသား ပါတီအမည်မှာ ယခင်ရခိုင်တိုင်း  ရင်းသားတိုးတက်ရေးပါတီအုပ်စု  လက်ထဲတွင် ကျန်ခဲ့ပြီး ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်များမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အမည်ဖြင့်ပင် ပြန်လည် ရွက်လွှင့်သည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဆိုသည်မှာ စစ်အစိုးရကို အနာခံ  ခံတိုက်လာခဲ့သော ဒီမိုကရေစီ အမြင်ရင့်သန်သည့်တိုင်းရင်းသား ပါတီ။ ရခိုင်တိုင်းရင်းသား တိုး တက်ရေးပါတီမှာ မိမိတိုင်းရင်းသားအရေး ထက်သန်သောပါတီ။ မတူညီသော အမြင်နှစ်ခု ယှဉ်တွဲအခြေပြုရန် နှစ်ဖက်စလုံးက တည်ဆောက်လို စိတ်နည်းခြင်းနှင့် ပါတီတွင်း နှစ်ပါတီ နှစ်ဂိုဏ်းဖြစ်နေ သော ဂိုဏ်းဂဏဝါဒကို အောင် မြင်စွာ မချေမှုန်းနိုင်ခြင်းတို့အရ  အပေါင်းမြန်ပြီး အကွဲမြန်ခဲ့ခြင်း  ဟု နားလည်မိသည်။

ထိုသို့ အခြားသောတိုင်းရင်း သား ပါတီများက အားကျလို့ကောင်းနေတုန်း အကွဲမြန်ခဲ့ခြင်း အရ အားကျခြင်းနှင့်အတူ သက်ပြင်းပါ တွင်တွင်ချရပြန်သည်။ ရခိုင်အမျိုးသားပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲရလဒ်နှင့် ရခိုင်ပြည်နယ်လွှတ်တော်ကို ရခိုင်အမျိုးသားပါတီက ဆုပ်ကိုင်ထားနိုင်မှုအရ ၂၀၂၀ ရွေးကောက်ပွဲကို ငါ တို့  တိုင်းရင်းသားပါတီများလည်း တစ်ပါတီတည်း ပေါင်းစည်းဝင် ရမည်ဟု စံပြုစရာအကြီးကြီးဖြင့်  သန္နိဋ္ဌာန်ချမည့်ဆဲဆဲတွင် အကွဲ မြန်သော သင်ခန်းစာကြီး ထပ်မံ ရရှိပြန်တော့ ငေးငိုင်ကြရသည်။

သို့သော် ဒီချုပ်လို ပါတီကြီး တစ်ရပ်ကို မိမိပြည်နယ်တွင်း တိုင်းရင်းသားပါတီများ တကွဲတပြားဖြင့်  ယှဉ်ဖို့ရာ မည်သို့မျှ မဖြစ်နိုင်ဆိုသည့် ၎င်းတို့၏ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရရော မက်လောက်ဖွယ်ရာ ရခိုင်အမျိုးသား ပါတီ၏ ရလဒ်အရပါ နောင်ခါလာနောင်ဈေး၊ နောက်မှ ကွဲချင်လည်းကွဲ၊ အခုတော့ရအောင် ပေါင်းမည်ဟု သဘောထားလိုက်ကြပုံရသည်။

ရသလောက်ဖြင့် ရအောင် ပေါင်းကြသည်။ ကချင်တွင်ပေါင်းသည်။ ချင်းတွင် ပေါင်းသည်။ ကယားတွင် ပေါင်းသည်။ ကရင် တွင် ပေါင်းသည်။ မွန်တွင် ပေါင်း သည်။ ၎င်းတို့၏ ပူးပေါင်းမှုမှာ  ပြည်နယ်တစ်ခုတွင် တိုင်းရင်း  သားပါတီတစ်ပါတီတည်းအဆင့် ထိ မပူးပေါင်းနိုင်သေးသော်လည်း ယခင်ကနှင့် နှိုင်းယှဉ်ပါက ကျစ် လျစ်သွားတာက သေချာသည်။

ပြောရလျှင် ပူးပေါင်းကြ သည့် တိုင်းရင်းသားပါတီများမှာ  နှလုံးသားအရ၊ ခံစားမှုအရ ပေါင်း ကြ၊ သင်းကြခြင်းမျိုးမဟုတ်ဘဲ ပေါင်းမှ ဖြစ်မည်ဆိုသည့် အသိအရ မတူညီမှုနှင့် မပြေလည်မှုများ ကို မသိချင်ယောင်ဆောင်ဖယ် ထားကာ ပေါင်းကြခြင်းဖြစ်သော ကြောင့် ရေရှည်တွင် အကွဲအပြဲ ဇာတ်လမ်းများ ရှိလာနိုင်သော် လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကွဲပြဲလာစရာအကြောင်းမရှိ ပေ။

တစ်ပါတီတည်းပေါင်းစည်း ခြင်းကြောင့် ဒေသခံတိုင်းရင်းသား တို့၏ ယုံကြည်မှုပိုရရှိမည်။ ဒေသခံတို့၏ ဟိုတကွဲ ဒီတပြား မဲတို့ကိုစုစည်းနိုင်မည်။ ထို့ကြောင့် မဲရလဒ်တက်လာမှာ သေချာသဖြင့် ယခင် ၂၀၁၅ တုန်းကကဲ့သို့  အပြတ်အသတ် ရှုံးနိမ့်ခြင်းမျိုးနည်းလာနိုင်သလို အနိုင်ရလဒ် လည်း တက်လာမှာ သေချာ သည်။

အနိုင်ရလဒ် မည်မျှထိတက် လာမလဲဆိုတာကိုတော့ ယခုအချိန်တွင် မခန့်မှန်းနိုင်သေး။ သို့ သော် တိုင်းရင်းသားပါတီများ  ရလဒ်တက်လာမည့်အခြေအနေ  တွင် ဒီချုပ်အပေါ် တိုင်းရင်းသားဒေသများ၌ ထောက်ခံမှုကျဆင်း လာသည်မှာလည်း သေချာသည်။သို့သော် ၂၀၁၅ ခုနှစ် ရခိုင်အမျိုးသားပါတီကဲ့သို့ ပြတ်သားသော အနိုင်မျိုး တစ်ပါတီတည်း စုဖွဲ့ ထားသည့် တိုင်းရင်းသားပါတီများ  မရရှိနိုင်တာကတော့ သေချာ  သည်။ သက်ဆိုင်ရာပြည်နယ်အလိုက် မဲဆန္ဒနယ်အားလုံး၏ တစ်ဝက်ကို သိမ်းပိုက်နိုင်ဖို့ပင် မလွယ်။

ယင်းသို့သော အခြေအနေ တွင် ယခင်က တိုင်းရင်းသားပါတီများ အားကျခဲ့ရသော ရခိုင်ပြည် နယ်၌မူ ရခိုင်အမျိုးသားပါတီမှရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခွဲထွက်ပြီးနောက် ကျန်ရှိရခိုင်အမျိုးသား ပါတီမှ ဒေါက်တာအေးမောင် အုပ်စု ထပ်ခွဲထွက်သဖြင့် သုံးခြမ်း ကွဲအဆင့်သို့ ရောက်သည်။ ရခိုင် မျိုးချစ်ပါတီကမူ ရခိုင်ဒီမိုကရေစီ  အဖွဲ့ချုပ်ထဲသို့ ဝင်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်း သားပါတီ သုံးပါတီဝင်ပြိုင်မည့် သဘောဖြစ်သည်။ ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်မျိုး  ရခိုင်ပါတီတစ်ရပ်ရပ်က နိုင်ဖို့ မဖြစ်နိုင်။ သုံးပါတီ သူ့ဝေစုနှင့်သူ  အနိုင်ရရှိမည့်သဘောဖြစ်ပြီး ရခိုင် ပြည်နယ်၌ ဒီချုပ်သည်လည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်ထက်  ကောင်းလာစရာ အကြောင်းမရှိ ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများထဲ အများဆုံးအနိုင်ရရှိမည့်သူမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဟု ဆိုနိုင်သည်။ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်မှာ  ၂၀၁၅ တွင် ရှမ်းပြည်နယ်၌ ဒုတိယအများဆုံး အနိုင်ရရှိခဲ့  သလို ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲရလဒ်တို့ကလည်း  အတက်ကိုသာ ပြနေတာမို့ ၂၀၂၀တွင် ရှမ်းပြည်နယ်၌ ပထမအများ ဆုံး အနိုင်ရဖွယ်ရှိသည်။

အကယ်၍ ဒီချုပ်သာ ပါးနပ်လိမ္မာပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲမဟာ မိတ်ဖွဲ့ကာ ခွဲတမ်းချဝင်ပြိုင်ပါက  ပြည်ခိုင်ဖြိုးကို ပြတ်ပြတ်သားသား နောက်ကောက်ချနိုင်ဖွယ်ရှိသည်။ အကယ်၍ တစ်ပါတီတည်း ပေါင်းစည်းထားသော တိုင်းရင်းသားပါတီများနှင့် ဒီချုပ်သာ မဟာမိတ်ဖွဲ့ ရွေးကောက်ပွဲဝင်ပါက အနိုင်ရလဒ်မှာ သူတို့ချည်းပဲဟု  မျက်စိမှိတ်ပြောနိုင်သော်လည်း ယင်းမှာ စိတ်ကူးယဉ်မျှသာ ဖြစ်ပေမည်။

မည်သို့ပင်ဆိုစေ ၂၀၂၀ တွင်တိုင်းရင်းသားပါတီများ၏ အနိုင် ရလဒ်တက်လာမှာ သေချာသလို၂၀၁၅ လို ကိုယ့်အနိုင်ရလဒ်ဖြင့် ကိုယ် ဒီချုပ်အစိုးရဖွဲ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဒီချုပ် အစိုးရဖွဲ့နိုင်ဖို့ရာ တိုင်းရင်းသား ပါတီများ၏ အနိုင်မဲဖြည့်ဆည်း ပေးရန်လိုပေမည်။

ပြည်ခိုင်ဖြိုးပါတီ၏ အခြေ အနေမှာလည်း ၂၀၁၅ ရွေး ကောက်ပွဲ အနိုင်ရလဒ်ထက် ကျော်လွန်နိုင်ခြေမရှိသဖြင့် သေ ချာသော တပ်ကိုယ်စားလှယ် မဲ ၂၅ ရာခိုင်နှုန်းနှင့် ပေါင်းလျှင် လည်း အစိုးရဖွဲ့နိုင်ခြေမရှိပေ။ ထို့ကြောင့် သူသည်လည်း အစိုးရဖွဲ့ နိုင်ရေးအတွက် တိုင်းရင်းသား ပါတီများ၏ အနိုင်မဲလိုအပ်ပေ မည်။

ယင်းသို့သော အခြေအနေအရ ၂၀၂၀ ရွေးကောက်ပွဲအပြီး တွင် တိုင်းရင်းသားပါတီတို့၏ မဲမှာ အင်မတန်တန်ဖိုးကြီးလာမည့် အနေအထားသို့ရောက်မည်။ တိုင်းရင်းသားပါတီများက ဒီချုပ်နှင့်ပြည်ခိုင်ဖြိုး ဘယ်ပါတီအစိုးရဖွဲ့ နိုင်ရေးအတွက် မဲထည့်ကြမည် နည်း။

လက်ရှိ မျက်မြင်အရတွင်မူ တိုင်းရင်းသားပါတီကြီးများမှာ ဒီမိုကရေစီရေးအမြင် ခိုင်ခံ့လွန်းလှ တာမို့ ဒီချုပ်ကိုသာ ပုံအောကြ  မည်ဟုမြင်၏။

No comments:

Post a Comment