Wednesday, June 26, 2019

မိုင်းလားအထူးဒေသတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို  ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့မှာ ဒီကနေ့ မနက် ကျင်းပရာမှာ NDAA ထိန်းချုပ်နယ်မြေအတွင်းဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မီးရှိုဖျက်ဆီးခဲ့ပါတယ်။ အခမ်းအနားမှာ ဘိန်းဖြူ ၁၅၈.၅ ကီလို၊ ဘိန်းမဲ ၁၀ကီလို၊ အိုက်စ် ၆၂၇.၂ ကီလို၊ ခရစ္စတယ် ၂၀၀ ကီလို၊ ခတ်ခူး ၄.၃ ကီလို၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးဝါး(၅၉၅၀)ကီလိုဂရမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စုစုပေါင်း တန်ဖိုး ကျပ်သန်းနှစ်ထောင်ခြောက်ဆယ်တိတိဖို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NDAA တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


အခမ်းအနားကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ဥက္ကဋ္ဌ ဦးစိုင်းလင်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ မဟာမိတ်တပ်ဖွဲ့ကကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေနဲ့ ပြည်သူလူထုတွေ စုစုပေါင်းလူဦးရေ ၁၆၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

လာမယ့်ဇွန်လ ၃၀ ရက်နေ့မှာလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို စစ်ရေးပြအစီအစဉ်တွေနဲ့ မိုင်းလားမြို့မှာ ဆက်လက်ကျင်းပသွားဖို့ ရှိပါတယ်။

နိုင်ငံတော်အစိုးရနဲ့ NDAA တပ်ဖွဲ့တို့ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း မိုင်းလား၊ ဆီလူး၊ နမ့်ပန် စတဲ့ဒေသ (၃) ခုကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)လို့ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မိုင်းလားဒေသဟာ အကျယ်အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၄၉၀၀ ကျော်ကျယ်ဝန်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေပါတယ်။

No comments:

Post a Comment