Wednesday, June 26, 2019

ရန်ကုန်စီးပွားရေးတက္ကသိုလ် နယ်မြေနှစ်ခုစလုံး၌ ဘာသာရပ်လေးခုစီ တိုးမြှင့်ဖွင့်လှစ်မည် တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၄၂၀ နှင့်အထက် ရသူများ လျှောက်ထားနိုင်

ယခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီး နယ်မြေနှင့် လှိုင်နယ်မြေတို့၌ ဘာသာရပ် လေးခုစီ အသစ်တိုးဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေး ပွဲရမှတ် ၄၂၀ နှင့်အထက် ရသူများ လျှောက်ထားနိုင်သည်ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာန ဌာနမှူး ဦးသန်း စိုးဦးက ပြောသည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် နယ်မြေနှစ်ခုစလုံးတွင် ဘောဂဗေဒ ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ၊ ဖွံ့ဖြိုးရေးပညာ ၊ စာရင်းအင်း၊ လူဦးရေပညာ၊ ၀ါဏိဇ္ဇဗေဒ၊စာရင်းကိုင်ပညာ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဘွဲ့ကြိုသင် တန်းရှစ်ခုဖွင့်လှစ်မည်ဖြစ်သည်။



ပြီးခဲ့သည့်နှစ်အထိ ထိုဘွဲ့ကြိုဘာသာရပ် ရှစ်ခုအနက် ရန်ကုန်စီးပွားရေး တက္ကသိုလ် ရွာသာကြီး နယ်မြေ၌ ဘာသာရပ် လေးခု၊ လှိုင်နယ်မြေ၌ ဘာသာရပ်လေးခုသာ ဖွင့်ခဲ့သော်လည်း ယခုနှစ်ကစတင်ကာ နယ်မြေနှစ်ခုစလုံး၌ ဘာသာရပ်ရှစ်ခုလုံးဖွင့်မည်ဖြစ်သည်။ ယခင်နှစ်ကရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေသို့ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် စုစုပေါင်း ၄၀၀မှတ်နှင့်အထက်၊ လှိုင်နယ်မြေသို့တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း ၄၅၀ မှတ်နှင့်အထက်ရသူများသာ လျှောက်ထားခွင့်ရှိသော်လည်း ယခုနှစ်တွင် နယ်မြေနှစ်ခုစလုံး၏ တက္ကသိုလ်ဝင် စာမေးပွဲရမှတ် သတ်မှတ်ချက်သည် ၄၂၀ မှတ်ဖြစ်သည်။

‘‘ကလေးတွေ ပိုပြီးတော့ ပညာသင်ကြားခွင့် အခွင့်အလမ်း ရအောင်လို့ပါ။ ရွာသာကြီးမှာ လေးမျိုး၊ လှိုင်မှာ လေးမျိုးပဲ ရှိတယ်ဆိုတော့ ဒီဘာသာရပ်ကို တက်ချင်တဲ့ကလေးတွေအတွက် အခွင့်အလမ်း နည်းနေတာပေါ့။ ဒီကလေးတွေကို အခွင့်အလမ်းပိုရအောင်လို့၊ စီးပွားရေးပညာကလည်း နိုင်ငံတော်အတွက် အရေးပါတာ ဖြစ်တဲ့အတွက်ကြောင့် ဘာသာရပ်တွေကိုလည်း တိုးတယ်၊ လူတွေလည်း တိုးခေါ်တာ’’ ဟု ဦးသန်းစိုးဦးက ရှင်းပြသည်။

ယခင်နှစ်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေအတွက် ကျောင်းသား၊ကျောင်းသူ ၁,၂၀၀ ဦး၊ လှိုင်နယ်မြေအ တွက် ၂၀၀ ဦးသာ လက်ခံသော် လည်း ယခုနှစ်တွင် ရွာသာကြီး နယ်မြေအတွက် ကျောင်းသား၊ ကျောင်းသူ ၁,၆၀၀ ဦး၊ လှိုင်နယ် မြေအတွက် ၆၄၀ ဦးအထိ တိုး မြှင့်လက်ခံမည် ဖြစ်သည်။ ရန်ကုန်စီးပွား တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ပါ သင်တန်းရွေးချယ် မှု ကတ်ပြားတွင် ထည့်သွင်း လျှောက်ထားရမည်ဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာ စာအိတ်ကို ဇွန်လ၂၄ ရက်မှ ဇူလိုင် ၂၃ ရက်အထိ ရန်ကုန် စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)သို့ တိုက် ရိုက် လျှောက်ထားရမည်ဖြစ် သည်။

No comments:

Post a Comment