Wednesday, June 26, 2019

မီတာခတက်ပြီ ၀န်ဆောင်မှုကောင်းမွန်ရေး ဓာတ်အားပြတ်တောက်မှုမရှိစေရေး တာဝန်ယူပေးရန် တောင်းဆိုမှုများရှိနေ

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု တိုးချဲ့ရေး၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီးမရရှိသေးသည့်ဒေသများ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျှပ်စစ်မီတာခနှုန်းထားများကို တိုးမြှင့်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာသည်။ ထိုသို့ တိုးမြှင့်ရန် နယ်ပယ်အသီးသီးမှ ကိုယ် စားလှယ်များနှင့် အဖွဲ့အစည်းများဖြင့် တွေ့ဆုံဆွေးနွေးကာအကြံပြုချက် ရယူဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟု ၀န်ကြီးဌာနက ဆိုသည်။



တိုးမြှင့်နှုန်းထားကိုလာမည့် ဇူလိုင် ၁ ရက်တွင် စတင်ကောက်ခံမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ ၏ သဘောတူညီချက်ကို ၂၀၁၉ ဧပြီက ရရှိပြီးဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိမ်သုံးလျှပ်စစ် မီတာခများသည်ယခင်ကထက် အနိမ့်ဆုံး ၇၀ ရာခိုင်နှုန်းကျော်မှ တစ်ဆခွဲခန့်အထိ တိုးမြင့်လာသည်ကို တွေ့ရပြီး လုပ်ငန်းသုံးမီတာခများ ယခင်နှုန်းထားထက် ထက်ဝက်ခန့် တက်လာမည်ဖြစ်သည်။

‘‘ဓာတ်အားခတက်ဖို့ ကြိုပြီးတွေ့ဆုံ တာတွေရှိပါတယ်။ ဒါကလည်း လုပ်သင့် လုပ်ထိုက်တဲ့အလုပ်ပါ။ နိုင်ငံတော်က အရှုံးခံပြီးလုပ်ရမယ့်အလုပ်ဆိုတာ မဖြစ်သင့် ဘူးလေ။ မီတာခတက်သင့်တာကြာပြီ။ တက်တဲ့အတိုင်းပဲ လျှပ်စစ်ကို Quality (အရည်အသွေးမြှင့်) ပေးဖို့ လိုအပ်ပါတယ်’’ ဟု လှိုင်သာယာစက်မှုဇုန် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးက ပြောသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိလျှင် စက်မှုလုပ်ငန်းများအနေဖြင့် မီးစက်ကိုအသုံးပြု နေရပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ ခန့် ကျလေ့ရှိသည်ဟု ၎င်းကဆိုသည်။  ယခုကဲ့သို့ မီတာခတက်သော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်လက်ရှိနေပါက ကုန်ကျစရိတ်ပို များလာရုံသာရှိမည်ကို ဒေါက်တာခင် မောင်ဦးက စိုးရိမ်သည်။

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ဦးအေးကျော်ကလည်း ‘‘လျှပ်စစ် မီးကို အလှည့်ကျသုံးနေရတာ ထက် သင့်တော်တဲ့နှုန်းတစ်ခုပေးပြီး သုံးရမှာကို သဘောတူပါတယ်။ အစိုးရဘက် ကလည်း ကြိုက်ဈေးတင်ပြီးရင် ၀န်ဆောင်မှုတော့  ကောင်းကောင်းပေးသင့်တယ်လို့ မြင်ပါတယ်’’ ဟု ပြောသည်။

ပြည်သူလွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး အမရ ပူရ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်က လျှပ်စစ် ဓာတ်အားခ မြင့်တက်ခြင်းသည် နိုင်ငံတော် လိုအပ်ချက် ဆောင် ရွက်ရမည်ဖြစ်ပြီး နိုင်ငံရငွေများ ကို လျှပ်စစ်ကဏ္ဍတွင်  စိုက်ထုတ်သုံးစွဲနေခြင်းက မဖြစ်သင့်ကြောင်း ပြောသည်။

‘‘လွှတ်တော်ကို လာရှင်း တယ်။ သတင်းစာရှင်းလင်းပွဲလုပ် တယ်လည်း ပြောတယ်။ တက်သင့်တာ မှန်ပေမယ့် ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြသင့် တယ်’’ ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် ဓာတ်အားပေးရေးကော်ပိုရေးရှင်း အထွေ ထွေမန်နေဂျာ ဦးတင်အောင်ကမူ လျှပ်စစ်မီတာခများတိုးမြှင့်ရန် ဝန်ကြီးဌာနက လွှတ်တော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကုန်သည် နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကဲ့သို့သော စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များကို အကြိမ်ကြိမ်တွေ့ဆုံပြီးမှ သတင်းစာမှတစ် ဆင့် ပြည်သူလူထုကို သတိပေး ခြင်းဖြစ်သည်ဟု ပြောသည်။

‘‘ဈေးနှုန်းက ဘာကြောင့် တက်သင့်တယ်၊ ဘယ်လောက် တက်မယ်ဆိုတာ အကြိမ်ကြိမ် ရှင်းပြထားဖူးပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

သို့သော် သာမန်ပြည်သူများ ကို မရှင်းပြခြင်း၊ ရုတ်တရက် တိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ဦးအောင်ဇော်မြင့်ကဲ့သို့ပင် ဝေဖန်သူများရှိနေပြီး ဝန်ဆောင်မှုဆိုင်ရာ များ တိုးတက်ကောင်းမွန်စေရေး မျှော်လင့်သည်ဟု ပြောသည်။

‘‘မီတာခကို တကယ်မဖတ် ဘဲ ခန့်မှန်းကောက်ထားပြီး ဘတ်ဂျက်နှစ်ကုန်မှ ပေါင်းထည့်တာ တွေကို ဘယ်လိုဖြေရှင်းမလဲ။ မီတာကို သူတို့ဖတ်၊ သူတို့ပဲစာရင်းတွက်မျိုးမလုပ်ဘဲ၊ ကိုယ့်မီတာဘယ်လောက်ကျလဲဆိုတာ ကိုယ်သိဖို့ လုပ်တာမျိုးလည်း လုပ်စေချင်တယ်’’ဟု ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်တွင် နေ ထိုင်သည့် ကိုအောင်သူက ပြော သည်။

ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် နေထိုင်သည့် ကိုအေးချမ်းဝင်းကလည်း ‘‘အခုနှုန်းကအရမ်း တက်တယ်လို့ ထင်တယ်။ ဝန်ကြီး ဌာနရော ပညာရှင်တွေက တက် သင့်တယ်လို့ ပြောပေမယ့် ကျွန်တော့်ဝင်ငွေနဲ့ယှဉ်ရင် ဒီလောက် နှုန်းက အရမ်းကြီးများလွန်းတယ် လို့ထင်တယ်’’ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ငန်း ချိတ်ဆက်ဆောင်ရွက် နေသည့် ထိုင်းစီးပွားရေးလုပ်ငန်း ရှင် မစ္စဂခ်နာပါဆန် နက်ခ်ကမူ ‘‘ဖြစ်သင့်ဖြစ်ထိုက်တဲ့  နှုန်းတစ်ခု ကို တက်ရမယ်ဆိုတာလက်ခံရ မယ်။ မြန်မာနိုင်ငံက အာဆီယံ နိုင်ငံတွေကြားမှာ အနည်းဆုံး ဓာတ်အားခလို့ သိထားပါတယ်’’ ဟု မှတ်ချက်ပြုသည်။

လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိကမှ တစ်ယူနစ်လျှင် ကျပ် ၂၅၀ နှုန်းဝယ်ယူသုံးစွဲနေရသည့် ထားဝယ် ဒေသခံ ဦးအောင်လွင်က မဟာ ဓာတ်အားလိုင်းနှင့် မချိတ်ဆက် နိုင်သည့် ၎င်းတို့ကဲ့သို့ ဒေသများ တွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၀၀ မှ ၈၀၀ အထိ ပေးချေ နေရကြောင်း၊ ထို့ကြောင့် ၎င်းတို့ ကို မဟာဓာတ်အားလိုင်းဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲနေသူ များက ကိုယ်ချင်းစာပေးသင့် သည်ဟု ပြောသည်။

‘‘အမှန်တကယ်လိုအပ်နေ တဲ့ ကျေးရွာများအတွက်လည်း ကြည့်ရှုပေးသင့်တယ်’’ဟု ၎င်းက  ဆိုပြီး အစိုးရက ဓာတ်အားခ နှုန်း ထားများ တိုးမြှင့်လိုက်ခြင်းကို  ထောက်ခံကြောင်း ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးသုံးစွဲသည့် မဂ္ဂါဝပ် ၃,၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းကသာ အများ ဆုံး ရယူသုံးစွဲနေခြင်းဖြစ်သော်  လည်း ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရဆဲဖြစ်သည်။ လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက  လက်ရှိ၌ တစ်နိုင်ငံလုံး၏ ၄၅ ရာခိုင်နှုန်းကျော်သာ လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်သည့် အခြေ အနေတွင်ရှိနေပြီး အဆိုပါကဏ္ဍ အတွက် ပြည်သူ့ဘဏ္ဍာငွေ မှ နှစ်စဉ် ကျပ်ဘီလီယံ ၅၀၀ ကျော် စိုက်ထုတ် သုံးစွဲနေရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

၂၀၁၉ ဒီဇင်ဘာတွင် ၅၀ရာခိုင်နှုန်း လျှပ်စစ်မီးသုံးစွဲနိုင် ရေး၊ ၂၀၃၀ တွင် တစ်နိုင်ငံလုံး မီးလင်းရေး ဆောင်ရွက်မည်ဟု ဝန်ကြီးဌာနက ပြောထားသည်။ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ၌ ကုန်ကျ စရိတ်ကာမိစေရေး ဓာတ်အားခ တိုးမြှင့်ခြင်းသည် မလွှဲမရှောင်သာ  ဆောင်ရွက်ရမည် ကိစ္စတစ်ခုဖြစ် ပြီး သုံးစွဲသူအလိုက် နှုန်းထားများ ပြင်ဆင်သတ်မှတ်သင့်ကြောင်း ၂၀၁၉ ဇွန်လတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ထည့်သွင်းတိုက်တွန်းထားသည်။

No comments:

Post a Comment