Wednesday, June 26, 2019

တရုတ်ကုမ္ပဏီက မြန်မာပြည်မှာ သံမဏိစက်ရုံတည်ဆောက်မည်

တရုတ်နိုင်ငံပိုင် ကူမင်းသံမဏိလုပ်ငန်းက မြန်မာနိုင်ငံထဲမှာ တနှစ်ကို တန်ချိန် လေးသန်းထွက်မယ့် စက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ရထားပြီလို့ ဒီကနေ့ထုတ် ဒေသတွင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ စက်ရုံဆောက်ပြီး တဲ့အခါ မြန်မာနိုင်ငံမှာ ကုန်ကြမ်းကနေ ကုန်ချောအထိ တနေရာထဲမှာ အပြီးထုတ်လုပ်နိုင်မယ့် ပထမဦးဆုံး သော သံမဏိလုပ်ငန်းဖြစ်လာမှာပါ။ ယူနန်ပြည်နယ်အခြေစိုက် ကူမင်းသံမဏိလုပ်ငန်းဟာ သွင်းကုန်အားပြုနေရတဲ့ မြန်မာနိုင်ငံရဲ့ သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရည်ရွယ်နဲ့ တနှစ်ကို တန်ချိန် နှစ်သန်းထွက်မယ့် လျှပ်စစ်သံရည်ကြို စက်ရုံ နှစ်ရုံ တည်ဆောက်မယ်လို့ ဆိုပါတယ်။
ဒါဟာ တရုတ်ရဲ့ အရှေ့တောင်အာရှဒေသအတွင်းက Belt and Road စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်သလို ယူနန်ပြည်နယ်နဲ့ အရှေ့တောင်အာရှဒေသအတွင်း ချိတ်ဆက်မှုကို တိုးမြှင့်ဖို့ အားထုတ်မှုတခုလည်း ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို နှစ်စဉ် သံမဏိတန်ချိန် နှစ်သန်းကနေ သုံးသန်းနီးပါး တင်သွင်းနေရပါတယ်။ အရှေ့တောင်အာရှ သံနဲ့သံမဏိ အင်စတီကျုရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့ သံမဏိလိုအပ်မှုဟာ တိုးပွားလာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ၂ဝ၂ဝ ခုနှစ်မှာ တန်ချိန် သုံးသန်းနဲ့ ၂ဝ၂၅ ခုနှစ်မှာ တန်ချိန် ၅ သန်း ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ တနှစ်ကို သံမဏိတန်ချိန် ၁ သန်းအောက်သာ ထုတ်လုပ်နိုင်ပါတယ်။

No comments:

Post a Comment