Wednesday, June 26, 2019

စီးပွားရေးကျဆင်းနေချိန် မီတာခတိုးကောက်ခြင်းမှာ အရှိုက်ကိုထိုးသလိုဖြစ်ဟု ဒေါက်တာနေဇင်လတ် ပြော

စီးပွားရေးကျဆင်းနေချိန်၌ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံခြင်းမှာ အရှိုက်ကိုထိုးလိုက်သကဲ့သို့ ဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်က သုံးသပ်ပြောကြားသည်။ ယခု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစတင်ကာ လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှထုတ်ပြန်ချက်အပေါ် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။



“ မီတာခတိုးကောက်တာမှာ နောက်ဆက်တွဲအကျိုးကအများကြီးရှိတယ်။ စီးပွားရေးတိုးတက်နေတုန်း၊ အဆင်ပြေနေတုန်း မီတာခတိုးကောက်တာ ပြဿနာမရှိဘူး။ သို့သော် စီးပွားရေးတွေကျနေတုန်း မရှုနိုင်မကယ်နိုင်ဖြစ်နေချိန်မှာတိုးကောက်တာတော့ အရှိုက်ထိုးလိုက်သလိုပေါ့ဗျာ။ လူအများစုက အထွေထွေမကျေနပ်တာ ဖြစ်လာနိုင်တယ်’’ ဟု ဟိုတယ်လုပ်ငန်းပိုင်ရှင်၊ စီးပွားရေးလုပ်ဆောင်သူ ဒေါက်တာနေဇင်လတ်က ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၀က်ဘ်ဆိုဒ်မှ ဇွန်လ၂၅ ရက်တွင်ထုတ်ပြန်ချက်အရ လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံမှုတွင် အိမ်သုံးအမျိုးအစား ၁ ယူနစ်မှ ၃၀ ယူနစ်အထိ ၁ ယူနစ်လျှင် ၃၅ကျပ်နှုန်းထားဖြစ်ပြီး နေအိမ်သုံးယူနစ်အလွှာ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိဆိုပါက ၁ ယူနစ်လျှင် ၅၀ ကျပ်ဖြစ်ကြောင်းသိရသည်။

စီးပွားရေးသုံးယူနစ်အလွှာ ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိအထိလည်းကောင်း၊ ၅၀၁ ယူနစ်မှယူနစ် ၁၀၀၀၀ အထိလည်းကောင်း၊ ယူနစ် ၁၀၀၀၁ မှယူနစ် ၂၀၀၀၀ အထိလည်းကောင်း ၊ ၁ ယူနစ်လျှင် ၁၂၅ကျပ်၊ ၁၃၅ကျပ်၊ ၁၄၅ကျပ်၊ အမြင့်ဆုံး ၁၇၅ ကျပ်မှ ၁၈၀ကျပ်အထိ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်သည်။

လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အစိုးရအဖွဲ့အစည်းအဝေးသို့ ၂၀၁၉ခုနှစ် ဧပြီလ ၁၁ ရက်တွင်တင်ပြခဲ့ရာ၌ သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။

ယခင် ၁ ယူနစ်မှ ယူနစ် ၁၀၀ အထိ အိမ်သုံးမီတာခမှာ ၁ ယူနစ်လျှင် ၃၅ ကျပ်ဖြစ်ပြီး ယခင်လုပ်ငန်းသုံး အမြင့်ဆုံးမှာ တစ်ယူနစ်အတွက် ၁၅၀ ကျပ်ဖြစ်သည်။

No comments:

Post a Comment