Wednesday, June 26, 2019

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ခိုးယူရောင်းချမှုများရှိနေ

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေးကြိုးပမ်းနေတဲ့  မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို တရားမဝင်ရောင်းချမှုတွေ ရှိတယ်လို့ မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။ အမွေအနှစ်တွေဟာ တန်ဖိုးရှိမှန်းသိရက်နဲ့ လောဘသားတွေက ရောင်းဝယ်ဖောက်ကား ကြတာတွေရှိသလို တန်ဖိုးထားရမှန်းမသိဘဲနဲ့ ရောင်းဝယ်ကြာတာတွေကြောင့် ပျောက်ဆုံးမှုတွေ ရှိတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဆိုပါတယ်။



ဒါ့အပြင် အရင်က ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်ပြီး လျှစ်စစ်မီးသွယ်တန်းတာ တွေ လမ်းတံတားဖောက်လုပ်တာတွေဟာ အမွေအနှစ်တွေအပေါ်မှာ များစွာထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ ခိုးမှုတွေ၊ ကျူးကျော်မှုတွေကိုလည်း ပညာပေးကာလကျော်လွန်လာရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါ တယ်။

မြောက်ဦးမှာရှိတဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ သမိုင်း၊ သမိုင်းရဲ့သက်သေခံ ရုပ်ကြွင်းပစ္စည်း တွေကိုသာ တစုတစည်းနဲ့ထားနိုင်ရင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ဖို့အတွက် ခိုင်ခိုင်မာမာ အာမခံလို့ရနိုင်တယ်လို့ ထောက်ပြတာလည်း ရှိပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မြောက်ဦးယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ရဲ့ ဒုတိယ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာမှာ ဌာန တာဝန်ရှိသူတွေက  အခုလို ပြောဆိုခဲ့ကြတာပါ။

မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲကြောင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ ဘုရား ပုထိုးစေတီတချို့ ပျက်စီးခဲ့ရပါတယ်။

No comments:

Post a Comment