Wednesday, June 26, 2019

လက်နက်စွန့်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့(MPDF) ဆက်ဆံရေးရုံးသို့ သတင်းအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်ဦးဆောင်၍ အမှတ်(၆) ပညာရေးတပ်မှအရာရှိစစ်သည်အင်းအား ၄+၄၀ ဦးခန့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်တို့ ၂၄.၆.၂၀၁၉ရက်နေ့ နေ့လည် ၁၂နာရီချိန်ခန့်၌ တရားမဝင်လက်နက်ခဲယမ်းများဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိခဲ့သည်။



ထိုသို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ မွန် ငြိမ်းချမ်းကာကွယ်ရေး(အထူး)တပ်ဖွဲ့ဆက်ဆံရေးရုံးခြံဝင်းအတွင်းမှ ဗိုလ်မှူးအဆင့်ရှိသူ နိုင်အောင်(ခ) အောင်အောင်နှင့်ဇော်နိုင်(၂၆)နှစ် နှစ်ဦးအား တရားမဝင် လက်နက်မျိုးစုံအတု/အစစ်များ၊ ကျည်ဆံများ နှင့်အတူတွေ့ရှိခဲ့ရကြောင်းသိရသည်။ထိုနောက် ဗိုလ်မှူး အဆင့်ရှိ နိုင်အောင် (ခ)အောင်အောင်၏ငယ်သားများနေထိုင်သည် ဖားအောက်ရွာနောက် လယ်ကွင်းအိမ်သို့ သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါး (၃၅၈)ပြား ၊ ဆေးခြောက်(၂)ကျပ်သား နှင့် မူးယစ်ဆေးဝါးအသုံးပြုရာတွင် သုံးသော စပ်ဆက်ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ထိုနောက်လမ်းတွင်တွေ့ရှိရသောမွန်ငြိမ်းချမ်း ကာကွယ်ရေး(အထူး)တပ်ဖွဲ့မှဗိုလ်အဆင့်ရှိသူ ဦးစိုးသန်း၊ ဦးဇော်ဦးနှင့် ဦးနိုင်ဦး တို့အားတွေ့ရှိရ၍ မုပွန်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ မွန်ငြိမ်ချမ်းကာကွယ်ရေး(အထူး)တပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ နိုင်အောင်ပါ(၅)ဦးအား မုပွန်နယ်မြေရဲစခန်း(ပ)၂၁၂၄/ ၁၉ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ၊ နမစ(မုပွန်) မယ(ပ)၂၀/၂၀၁၉ မူးစိတ် ပုဒ်မ ၁၉(က)/၂၁တို့ဖြင့် ဖားအောက်နယ်မြေရဲစခန်းမှူး ဒုရဲအုပ်သက်တင်နိုင်မှတရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှတ်တမ်းများအရသိသည်။

No comments:

Post a Comment