Wednesday, June 26, 2019

'ဗိုလ်ချုပ်ရုပ်ရှင်ကို ဒီနှစ်မိုးအကုန်မှာ ရိုက်ဖို့ မဖြစ်ဖြစ်အောင် ကြိုးစားမယ်' လူမင်း

'ဗိုလ်ချုပ်အောင်ဆန်း'' ရုပ်ရှင်ဇာတ်ကားအား ယခုနှစ်မိုးအကုန်ကာလတွင် စတင်ရိုက်ကူးနိုင်ရန်အတွက် မဖြစ်ဖြစ်အောင်ကြိုးစားနေကြောင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အား တာဝန်ယူပုံဖော်ရိုက်ကူးသွားမည့် ဒါရိုက်တာလူမင်းက ပြောပါတယ်။ ''ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြင်ဆင်ရတာတွေက အရမ်းကိုများပါတယ်။ တာဝန်လည်းကြီးတယ်။ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြင်ဆင်မှုအပိုင်းတွေက ရာနှုန်းပြည့်တော့ မပြီးသေးပါဘူး။ ဒီနှစ်မိုးတွင်းအကုန်လောက်တော့ မဖြစ်ဖြစ်အောင် စရိုက်နိုင်ဖို့တော့ အသည်းအသန်ကြိုးစားနေပါတယ်'' လို့ ဆိုပါတယ်။



''ဗိုလ်ချုပ်အောင်ဆန်း'' ရုပ်ရှင်နှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သဘောထားကိုလည်း ယခုလိုဆက်လက်ပြောပြခဲ့ပါတယ်။ ''အမေစုကရုပ်ရှင်နဲ့ပတ်သက်ပြီး ဘယ်အချိန်ပြီးရမယ်။ ဘယ်တော့ရုံတင်ချင်တယ်။ ဘယ်အပိုင်းတွေကို မပါပါအောင်ထည့်ရမယ်ဆိုတာတွေကို တစ်ခုမှမပြောဘူး။ အနုပညာဖန်တီးခွင့်ကို လွတ်လွတ်လပ်လပ်ရာနှုန်းပြည့်ပေးထားပါတယ်။ လိုအပ်တာတွေကိုလည်း အကြံပေး တယ်။ တချို့စာအုပ်တွေထဲမှာမတွေ့တဲ့ ကိုယ်တွေ့အချက်အလက်တွေကိုလည်း ပြောပြအကြံဉာဏ်ပေးတာမျိုးတွေလည်းရှိပါတယ်။

အမေစုက အခုနိုင်ငံတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပြီး အလုပ်တွေ အရမ်းရှုပ်သွားလို့ ဒီရုပ်ရှင်ဘက်ကို သိပ်မလှည့်နိုင်တော့တာပါ။ အရင်တုန်းကလွန်ခဲ့တဲ့ ၂ဝ၁၂ ခု နှစ်တုန်းက ဆိုရင် ဒီရုပ်ရှင်ကို သူအရမ်းကို စိတ်ဝင်စားခဲ့တယ်။ သရုပ်ဆောင်တွေ ရွေးချယ်ရင်လည်း သူကိုယ်တိုင်ပဲ သူ့အိမ်မှာ ကျွန်တော်တို့နဲ့အတူတူထိုင်ပြီး ရွေးချယ်ခဲ့တာကြောင့် အမေစုက ဒီဇာတ်ကားအပေါ်မှာ စိတ်ပါဝင်စားမှု အရမ်းရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အလုပ်တွေအရမ်းများတာကြောင့် လှည့်မကြည့်နိုင်တော့တာဖြစ်ပါတယ်''လို့ ပြောပါတယ်။

သရုပ်ဆောင် ဒါရိုက်တာလူမင်းမှာ လက်ရှိအချိန်တွင် ဗိုလ်ချုပ်အောင် ဆန်းရုပ်ရှင်ရိုက်ကူးရန်အတွက် လိုအပ်သည်များကိုပြင်ဆင်လျက်ရှိပြီး ဇွန် ၂၇ ရက်တွင် ရုံတင်ပြသတော့မည့် ''လောဘနွံ''ရုပ်ရှင်ဇာတ်ကားတွင်လည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်တွင်းပိုင်ရှင် လော်ပန်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်။

No comments:

Post a Comment