Sunday, June 9, 2019

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ လမ်းပြင်နေသော နေရာတချို့တွင် မိုးရွာလျှင်လမ်းချော်မှုကြောင့် ဒေသခံများသွားလာရ ခက်ခဲ

ကလေး - ဂန့်ဂေါလမ်းပိုင်း အောင်ချမ်းသာကျေးရွာအတွင်းတွင် မိုးရွာလျှင် လမ်းချော်မှုကြောင့် ဒေသခံများ သွားလာရခက်ခဲနေသည်ဟု သိရသည်။ “မိုးရွာတော့ လမ်းကချောတာပေါ့။ လမ်းဘေးကဟာတွေက ကြိတ်မထားတော့ မြေက အမွတွေဖြစ်နေတာ။ အဲလိုဆိုတော့ ကားရှောင်တာတို့ ဆိုင်ကယ်ရှောင်တာတို့ ဆိုရင် စလစ်ဖြစ်တာပေါ့။ ( လမ်းချော်တာ ) ခုနက ကားဆို JCB နဲ့ ဆွဲထုတ်ရတာ လဲမတတ် ဖြစ်သွားတာပေါ့ ။ အန္တရာယ်ရှိတယ်။ အက်ဆီးဒင်ကလည်း များနိုင်တယ် ။ လမ်းကလည်း တစ်စီးစာပဲ ရှိတာဆိုတော့ ကားတွေက ပိတ်ကျပ်သွားတာပေါ့။ ဘေးသားတွေက အသားသေအောင်မကြိတ်ဘူး။ ဖို့ထားတဲ့ မြေအတိုင်း ဒီအတိုင်းထားတာ ဆိုတော့ တစ်စီးနဲ့ တစ်စီး တွေ့လိုရှိရင် လမ်းဘေးကို ချလို့ မရဘူး ” ဟု အောင်ချမ်းသာကျေးရွာမှ ကိုအောင်ကျော်လင်းက ပြောကြား သည်။


ဇွန် ၇ ရက်နေ့ ညနေပိုင်းတွင်မိုးရွာသွန်းမှုကြောင့် အဆိုပါလမ်းပိုင်းနေရာတွင် လမ်း ချော်မှုများရှိခဲ့ပြီး သွားလာရခက်ခဲနေသည် ဟု သိရသည်။ “လမ်းက ကျွန်တော်တို့ရွာလမ်းတောက်လျှောက်ပဲ။ လမ်းက ဘယ်နေရာမှ အစမသတ်ဘူး။ အလယ်ကြောကြီးကနေ ပေ ၂၀ အကျယ်အကုန်လုံး မြောင်းကြီးလို လုပ်ထားတဲ့အခါ ကျတော့ လမ်းကတစ်စိတ်တစ်ပိုင်းဆီ ဖြစ်သွားတော့တာ ။ တစ်ဖက်ပိတ်သွားတော့ ရွာရဲ့အရှေ့ဘက်ခြမ်းက သွားလို့ မရတော့ဘူး။  တင်ဒါအောင်တဲ့ ကုမ္ပဏီက ပန်းမွန်ချောင်းတံတားအကျော်ကနေ နားဂါးမောက်ခြံအထိ ပေါ့။ မိုးရွာတာနဲ့အမျှပေါ့။ သဲကြမ်းတို့လည်း မပါဘူး။ ကျွန်တော်တို့က အကြံပြုတယ် နားမထောင်ဘူး။ ကျွန်တော်တို့လည်း မပြောချင်တော့ဘူး။ ကျွန်တော်တို့ ရွာထဲက လူတွေပဲ ဝိုင်းကူလုပ်နေကြတာ ။ လမ်းကုမ္ပဏီကတော့  သူတို့နဲ့မဆိုင်သလိုပေါ့ ။ အထက်ကိုအဆင့် ဆင့်တင်ပြထားတာတော့ မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေကို နှုတ်အားဖြင့် ပြောပြထားတယ်”  ဟု ကိုအောင်ကျော်လင်းက ဆက်လက်ပြောကြားသည်။

အဆိုပါနေရာသည် တင်ဒါအောင် ကုမ္မဏီတစ်ခု၏ လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရရှိထားသည့် တင်ဒါအောင် လမ်းပိုင်းတစ်ခုဖြစ်ပြီး ဒေသခံများ သွားလာရေး အဆင်ပြေရေးအတွက် သက် ဆိုင်ရာများက ကြပ်မတ် ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားလျက်ရှိသည်ဟု သိရ သည် ။

“အခု နာရီဝက်လောက် မိုးရွာတာတောင် ဒီလိုဖြစ်နေတာ ။ မိုးရာသီဆိုရင် မလွယ်ဘူး။ ကျွန်တော်တို့ရွာက ပိုဆိုးတယ်။ ပေလမ်း အရှေ့ဘက်ဆိုရင် အလယ်ကြီးက ပိတ်ထားတော့ သွားလို့မရဘူး။ အနောက် ဘက်ခြမ်းကို ကူးလို့မရဘူး။ ကျောင်းသားတို့ ဘာတို့ဆိုရင် ကူးဖို့မလွယ်ဘူး။ သူတို့က ကျောက်စီဖို့ တူးထားတာလေ။ ဒီလိုမိုးရွာ ရင်မလွယ်ဘူး။ သူတို့က တစ်ပိုင်းစီလုပ်တာ တော့မဟုတ်ဘူး ။ အကုန်လုံး နှစ်မိုင်လောက်ကို လိုက်ဖျက်သလို ဖြစ်နေတယ်။ တစ်ဆင့် ချင်းသွားရင်တော့ လမ်းလေးရှောင်သွားရ သေးတယ်။ အခုဟာက ဆိုင်ကယ်စလစ်ဖြစ်တာနဲ့ ကားအောက် ဝင်သွားတာတို့ဖြစ်ရင် မလွယ်ဘူး။ ကျွန်တော်တို့က နှုတ်နဲ့အတတ်နိုင်ဆုံးပြောပေမဲ့ ဘာမှထူးခြားမလာဘူး” ဟု ဒေသခံ ကိုအောင်ကျော်လင်းက ဆက်လက် ပြောကြားသည်။

No comments:

Post a Comment