Sunday, June 9, 2019

လက်ရှိဘဏ္ဍဍာနှစ် ရှစ်လတွင် ပြည်တွင်း လက်ခစား (CMP) လုပ်ငန်းများကပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ရှိပြီးယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၇၀ ကျော် ပိုမိုတင်သွင်းထား

လက်ရှိဘဏ္ဍဍာနှစ် ရှစ်လတွင် လက်ခ စား (CMP) လုပ်ငန်းများက ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကျော်အထိတင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၇၀ ကျော် ပိုမို တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃၁ ရက်အထိ ရှစ်လတွင် ပြည်ပမှ CMP ကုန်ကြမ်း ဒေါ်လာ ၁ ဒသမ ၅၇၃ ဘီလျံကျော်အထိ တင်သွင်းထားသည်။ြ ပီးခဲ့သည့် ဘဏ္ဍဍာနှစ်ကာလတူတွင်မူ CMP ကုန်ကြမ်း တင်သွင်းမှုသည် ဒေါ်လာ ၁ ဒသမ ၂၉၉ ဘီလျံကျော်သာ တင်သွင်းထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍဍာနှစ် ခုနစ်လကျော်တွင် CMP ကုန်ကြမ်းတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ၂၇၃ ဒသမ ၈၂၈ သန်း ပိုမိုတင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

CMP လုပ်ငန်းဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့ သည့်လုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓိကအနေဖြင့် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းစသည်တို့အပြင် အခြားသော လုပ်ငန်းများကိုလည်း CMP စနစ်ဖြင့် လုပ် ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍဍာနှစ် ခုနစ်လကျော်တွင် ပြည်ပသို့ CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံနီးပါးရရှိထားကာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၉၃၀ ကျော်ပိုမိုရရှိထားပြီး အများဆုံးတင်ပို့ထား သည့် ပို့ကုန်အဖြစ်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေလ ၃ ရက်အထိ ခုနစ်လကျော်တွင် ပြည်ပသို့ CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၄၉၆ ဘီလျံကျော် ရရှိထားသည်။

ယခင်နှစ်ကာတူတွင်မူ ဒေါ်လာ ၁ ဒသမ ၅၆၃ ဘီလျံကျော်သာ ရရှိထားသဖြင့် လက်ရှိ ဘဏ္ဍဍာနှစ် ခုနစ်လကျော်တွင် ယခင်နှစ်ကာ လတူထက် ဒေါ်လာ ၉၃၃ ဒသမ ၄၃၈ သန်းအထိ ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာရရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် CMP လက်ခစားလုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀ဝ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါ လုပ်ငန်းများကို FOB စနစ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃၀ဝ၀ (သုံးဘီလျံ)အထိ  နိုင်ငံ့ဝင်ငွေရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

CMP စနစ်ဖြင့် လုပ်ကိုင်နေသည့် အထည်ချုပ်တင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာ ၂၀၁၀ ခုနှစ်တိုင်အောင် ဒေါ်လာ သန်း ၃၄၀ ခန့်သာ ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်မူ တင်ပို့မှုမှရရှိသည့် ဝင်ငွေမှာ ၂၀၁၀ ပြည့်နှစ်ကထက် သုံးဆအထိ မြင့်တက်ခဲ့သည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် အထည်ချုပ်တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံ အထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment