Sunday, June 9, 2019

အရှေ့တောင်အာရှ ကနူး/ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာကစားသမားငါးဦး ၀င်ပြိုင်မည်

ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ ကနူးကယက် ချန်ပီယံရှစ် လှေလှော် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကစားသမားငါးဦး ၀င်ပြိုင်မည် ဖြစ်သည်။  2019 South East Asian Cnaoe Sprint Championships ပြိုင်ပွဲကို ဇွန်လ ၁၈ ရက်မှ ၂၃ရက်အထိ ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ကျင်းပမည်ဖြစ်ပြီး အလွတ် တန်းနှင့် သက်ငယ်တန်းဟူ၍ ပြိုင်ပွဲနှစ်မျိုး ပါဝင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကနူးကယက်လှေလှော်အသင်းမှ ကစားသမား ငါးဦးအနက် သန့်ဇင်ဦး၊ ဝင်းထိုက်၊ အောင်မျိုးသူတို့က အလွတ်တန်းပြိုင်ပွဲနှင့်  မျိုးလှိုင်ဝင်းနှင့် ထွန်းမင်းသန့်တို့က သက်ငယ်တန်းပြိုင်ပွဲ၌  ယှဉ်ပြိုင်မည်ဖြစ်သည်။ 
အလွတ်တန်းပြိုင်ပွဲတွင် သန့်ဇင်ဦးက C 1- C 2 မီတာ ၂၀၀၊မီတာ ၅၀၀ နှင့် မီတာ ၁,၀၀၀၊ ဝင်းထိုက်က C 2 မီတာ ၂၀၀၊ မီတာ၅၀၀ နှင့် မီတာ ၁,၀၀၀၊ အောင်မျိုးသူက K 1 မီတာ ၂၀၀၊ ၅၀၀နှင့် ၁,၀၀၀ ပွဲစဉ်တို့၌ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ သက်ငယ်တန်းပြိုင်ပွဲ၌ မျိုးလှိုင်ဝင်းက C 1 မီတာ ၂၀၀၊ ၅၀၀ နှင့် ၁,၀၀၀၊ ထွန်းမင်းသန့်က  K 1 မီတာ ၂၀၀၊ ၅၀၀ နှင့် ၁,၀၀၀ ပွဲစဉ်များတွင် ပါဝင်ယှဉ် ပြိုင်မည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာကနူး-ကယက်လှေအသင်းသည် ဇွန်လ ၁၈ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။  ‘‘ဒီပွဲက ကလေးတွေကို နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ ရစေဖို့အတွက် စေလွှတ်တာပါ။ ပြိုင်ပွဲမှာ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းက ကစားသမားတွေ ပါဝင်မယ်လို့ သိထားပါတယ်။ တခြားကစားသမားတွေရဲ့ ပြင်ဆင်မှု တွေ၊ ကစားပုံတွေလည်း တွေ့နိုင်မှာပါ။ ပြိုင်ပွဲက ဆုတံဆိပ်ထက် အတွေ့အကြုံကိုပိုပြီး ဦးစားပေး စေမှာပါ’’ ဟု အဖွဲ့ချုပ် တာဝန်ရှိ သူက ဆိုသည်။

No comments:

Post a Comment