Sunday, June 9, 2019

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရပြီး မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့သည့် ကိုထွန်းမြင့်ဝင်းဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး သတင်းစာရှင်းလင်း

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရပြီး သုံးရက်ခန့်အကြာတွင် မန္တလေးဗဟို အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့သည့် ကိုထွန်းမြင့်ဝင်းဖြစ်စဉ် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေး သတင်းစာရှင်းလင်းမှုကို ဇွန် ၈ ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ သေဆုံးသူ၏ မိသားစုဝင်များ၊ မန္တလေးမြို့မှ နိုင်ငံရေး အင်အားစုများက ပြုလုပ်ခဲ့ကြသည်။

မန္တလေးဗဟိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့သည့် ကိုထွန်းမြင့်ဝင်းမှာ အဖျားကြီးပြီး အရက်ကြောင်ကြောင်၍ သေဆုံးသည်ဟု သက်ဆိုင်ရာ အကျဉ်းထောင် အာဏာပိုင်များက ထုတ်ပြန်ခဲ့သော်လည်း သေဆုံးသူ၏ ရုပ်အလောင်းတွင် ဖူးရောင်ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာများ၊ သွေးထွက်မှုများ အစရှိသည့် ဒဏ်ရာများ တွေ့ရှိရသဖြင့် ကိုထွန်းမြင့်ဝင်း သေဆုံးမှုမှာ ရိုက်နှက်နှိပ်စက် ခံရမှုများကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်များက သံသယ ရှိသဖြင့် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။

“ကိုထွန်းမြင့်ဝင်း သေဆုံးမှုကို အမှန်တရားအတိုင်း အမှုမှန် ဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုပါတယ်။ သူသေဆုံးပြီးနောက် ရုပ်အလောင်းမှာက ထိခိုက်ဒဏ်ရာတွေ ရထားတာတွေ့ရတယ်။ မျက်နှာမှာ အညိုအမည်းတွေစွဲပြီး ဖူးရောင်နေတယ်။ နောက်ကျောမှာလည်း ရိုက်ခံထားရတဲ့ပုံစံဖြစ်တဲ့ အရာတွေတွေ့ရတယ်။ ခြေသလုံးမှာလည်း ပေါက်ပြဲဒဏ်ရာ ပြတ်ရှဒဏ်ရာတွေ့ရတယ်။ နောက် လည်ပင်း နောက်ကျောမှာလည်း ပြတ်ရှဒဏ်ရာနဲ့ သွေးထွက်ဒဏ်ရာတွေ တွေ့ရတယ်။ ဒါကြောင့် သူသေဆုံးတာဟာ အရက်ကြောင့် မဖြစ်နိုင်ပါဘူး။ ရိုက်နှက်နှိပ်စက်ခံရလို့ သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တရားဥပဒေနဲ့အညီ အမှန်တရား အမြန်ဆုံး ဖော်ထုတ်ပေးကြဖို့ သက်ဆိုင်ရာကို တောင်းဆိုချင်ပါတယ်။ အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ပြောရရင် အမှန်တရားအတိုင်း ဖော်ထုတ်ပေးတယ်။ အမှုမှန်ဖြစ်တယ် ဆိုရင်တော့ လက်ခံရမှာပေါ့။ အမှန်တရားအတိုင်း မဟုတ်ရင်တော့ လက်ခံစရာ မရှိဘူး” ဟု သေဆုံးသူ ကိုထွန်းမြင့်ဝင်း၏ အစ်ကိုဖြစ်သူ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။


အကျဉ်းထောင်ဆေးရုံတွင် သေဆုံးခဲ့သည့် ကိုထွန်းမြင့်ဝင်းမှာ ဇွန် ၂ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဇွန် ၃ ရက် ညပိုင်း အကျဉ်းထောင်ပိတ်ချိန်မှသာ ထောင်သို့ရောက်ရှိလာခဲ့ပြီးနောက် ဇွန် ၄ ရက်တွင် အကျဉ်းထောင် ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း၊ ယင်းနောက် ဇွန် ၅ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့သဖြင့် ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့မှုမှာ အကျဉ်းထောင်သို့ မရောက်ရှိမီ အပြင်တွင် ဖမ်းဆီးခံရစဉ်က ရိုက်နှက်နှိပ်စက် မှုများကြောင့် ရရှိခဲ့သည့်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က သုံးသပ်ပြောကြားသည်။

အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်းများ ပြုလုပ်၍ အဖြစ်မှန်ပေါ်ပေါက်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနက ဇွန် ၇ ရက် ညပိုင်းက သတင်း ထုတ်ပြန်ခဲ့သည်။

အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားရာတွင် “မန္တလေး ဗဟိုအကျဉ်းထောင်မှ အချုပ်သား ထွန်းမြင့်ဝင်း (ခ) ကိုထွန်း သေဆုံးမှုနှင့် ပတ်သက်၍ ရှင်းလင်းခြင်း” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရပြီး ထုတ်ပြန်ချက်တွင် မန္တလေး ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းထောင်ဆေးရုံတွင် ဇွန် ၅ ရက် ၇ နာရီတွင် သေဆုံးခဲ့သော အချုပ်သား ထွန်းမြင့်ဝင်း (ခ) ကိုထွန်းနှင့်ပတ်သက်၍ လူမှုကွန်ရက်များမှ သေဆုံးသူ၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာနှင့်သွေးများ တွေ့ရှိရကြောင်း၊ မန္တလေးဗဟို အကျဉ်းထောင်မှ တာဝန်ရှိသူများ အနေဖြင့် သေဆုံးသူအချုပ်သားအား လုပ်ထုံးလုပ်နည်းနှင့်အညီ အမှတ် (၂)နယ်မြေရဲစခန်း၌ သေမှုသေခင်း ဖွင့်လှစ်ခြင်း၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး မှုခင်းဆရာဝန်ကြီးက ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခြင်း၊ အကျဉ်းဦးစီးဌာနမှ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်းများ ပြုလုပ်၍ အဖြစ်မှန် ပေါ်ပေါက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းအပ်ပါသည် ဟု မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည့် အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်း၏ ဈာပနအခမ်းအနားကို ဇွန် ၇ ရက် မွန်းလွဲပိုင်းက ゞင်းနေထိုင်ရာ အောင်သပြေကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ဈာပနအခမ်းအနားသို့ မိသားစုဝင်များ၊ ဒေသခံရွာသူ၊ ရွာသားများ မန္တလေးမြို့မှ နိုင်ငံရေး အင်အားစုများ တက်ရောက်ခဲ့ကြပြီး ရုပ်အလောင်းကို ကျေးရွာသုသာန်၌ သင်္ဂ࿿ြိုဟ်ခဲ့ကြသည်။

ဖြစ်စဉ်မှာ အောင်သပြေကျေးရွာနေ ကိုထွန်းမြင့်ဝင်း (ခ) ကိုထွန်းကို ရဲတပ်ဖွဲ့က ဇွန် ၂  ရက် နံနက်ပိုင်းက ကျေးရွာအပြင်ဘက်၌ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ သေ ဆုံးသူ ကိုထွန်းမှာ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ ထိုသို့ ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးရက်ခန့် အကြာတွင် မန္တလေး အကျဉ်းထောင်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

သေဆုံးသူ ကိုထွန်းမှာ ဇွန် ၃ ရက် ညနေပိုင်းက မန္တလေး အိုးဘိုအကျဉ်းထောင်သို့ လွှဲပြောင်းရောက်ရှိ ခဲ့ကြောင်း၊ အကျဉ်းထောင်သို့ ရောက်ရှိလာစဉ်ကပင် အရက်ကြောင်ရောဂါ ခံစားနေရသဖြင့် အကျဉ်းထောင်ဆေးရုံသို့ တင်ပို့၍ ဆေးဝါးကုသမှုများ ခံယူနေရခြင်းဖြစ်ကြောင်း၊ ထိုသို့ ထောင်ဆေးရုံသို့ တင်ပို့ထားရာမှ ဇွန် ၅ ရက် နံနက် ၇ နာရီ ခန့်တွင် အဖျားကြီးခြင်းနှင့် အရက်ကြောင် ရောဂါတို့ကြောင့် ဟုဆိုကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များကို ထောင်အာဏာပိုင်များက အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အကျဉ်းထောင်အတွင်း သေဆုံးခဲ့သူမှာ အဖျားကြီးခြင်းနှင့် အရက်ကြောင်ခြင်းကြောင့် သေဆုံးသည်ဟု ထုတ်ပြန်ခဲ့သော်လည်း သေဆုံးသူ၏ ရုပ်ခန္ဓာတွင် ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ တွေ့ရှိရသဖြင့် သေဆုံးသူမှာ ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ယူဆကြောင်း မိသားစုဝင်များက ပြောကြားသည်။

မန္တလေးဗဟို (အိုးဘို) အကျဉ်းထောင် အတွင်းသေဆုံးခဲ့သည့် ကိုထွန်းမြင့်ဝင်းမှာ အဖျားကြီးပြီး အရက်ကြောင် ရောဂါတို့ကြောင့် သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာ ထောင်အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း သေဆုံးသူ၏ ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့၊ ထိခိုက် ဒဏ်ရာများတွေ့ရှိရသဖြင့် ကိုထွန်းမြင့်ဝင်း သေဆုံးမှုမှာ သာမန်သေဆုံးမှုမဟုတ်ဘဲ ရိုက်နှက်နှိပ်စက်ခံရသဖြင့် အဆိုပါ ဒဏ်ရာများကြောင့်ပင် သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

No comments:

Post a Comment