Sunday, June 9, 2019

မယ်ခွေ၏ " လက်ဆောင်" ကဗျာအား ဖြုတ်လိုက်သူများကိုရှုံ့ချကြောင်းနှင့် တာဝန်ရှိသူများကိုအရေးယူပေးရန် MTF တောင်းဆို

မယ်ခွေ၏ " လက်ဆောင်" ကဗျာအား ဖြုတ်လိုက်သူများကိုရှုံ့ချကြောင်းနှင့် တာဝန်ရှိသူများကိုအရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်MTF က တောင်းဆို ထားသည်။ အဆိုပါကဗျာကို ပြန်လည်ထည့်သွင်းပေးရန်လည်း ၎င်း တို့ကတောင်းဆိုထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင်ကို ယနေ့တွင်ထုတ်ပြန်ထားသည်။



အပြည့်အစုံမှာ
၁။ အဋ္ဌမတန်းသင်ရိုးတွင် ပြဋ္ဌာန်းထားသော မယ်ခွေ၏ “လက်ဆောင်”ကဗျာအား ဆေးလိပ်သောက်ခြင်းကို အားပေးသည်ဟု မှတ်ယူကာ သင်ရိုးမှပယ်ဖျက်ခဲ့သည့်အတွက် ကျွန်ုပ်တို့ အဖွဲ့ချုပ်အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

၂။ ထိုသို့ပယ်ဖျက်ခဲ့ခြင်းတွင် အဆိုပါ “လက်ဆောင်” ကဗျာသည် ဆေးလိပ်သောက်လိုစိတ် ဖြစ်ပေါ် စေနိုင်သည်ဟု စွပ်စွဲပြောဆိုနေကြခြင်းဖြစ်ပြီး ခိုင်မာသော သုတေသန မရှိကြောင်းလည်း သိရှိရပါသည်။

၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့သော ရသစာပေစကားဝိုင်း၌ ရသစာပေကို တန်ဖိုးထားသင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ငယ်ရွယ်စဉ်ကပင် စတင်သင်ကြားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် မယ်ခွေ၏ “လက်ဆောင်” ကဗျာကဲ့သို့ ရသစာပေကောင်းတစ်ပုဒ်ကို သင်ရိုးထဲမှ အထောက်အထားမဲ့ ပယ်ဖျက်ခဲ့ခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်မူဝါဒတို့နှင့်လည်း ကွဲလွဲလျက်ရှိနေကြောင်း အဖွဲ့ချုပ်အနေဖြင့် ယူဆသုံးသပ်ပါသည်။

၎။ ပညာရေးဝန်ကြီးဌာနသည် မယ်ခွေ၏ “လက်ဆောင်” ကဗျာသာမက
• ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန တည်ရှိရာ တောင်ငူဆောင်မြက်ခင်းပြင်၌ တက္ကသိုလ်၏ ပထမဆုံး မြန်မာစာဖခင်၊ ဆရာကြီး ဦးဖေမောင်တင်ရုပ်တု ထားရှိခွင့်မပေးခြင်း၊
• တက္ကသိုလ်ပင်ရင်းမြန်မာစာကို ပယ်ဖျက်ရန် စီစဉ်နေခြင်း၊
• အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ပယ်ဖျက်ရန်ကြိုးစားခြင်း စသော မိခင် မြန်မာစာဘာသာရပ်ကို ဖိနှိပ်မှုဆန်သည့် အပြုအမူများ ပြုလုပ်လျက်ရှိနေသည်ဟု ထင်မြင်ယူဆချက်များ ရှိနေသည်ကို လေ့လာသိရှိရပါသည်။

၅။ အဆိုပါ အချက်များကိုထောက်ရှု၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရသစာပေအရ တန်ဖိုးကြီးမားသော မယ်ခွေ၏ “လက်ဆောင်” ကဗျာကို ပယ်ဖျက်စေသူ၊ ပယ်ဖျက်ရန်တိုက်တွန်းသူတို့အား ကျွန်ုပ်တို့ အဖွဲ့ချုပ်မှ ပြင်းထန်စွာ ရှုတ်ချပါကြောင်း၊ ဤကိစ္စအတွက် တာဝန်ရှိသူများကိုလည်း သင့်လျှော်သလို အရေးယူပေးစေလိုကြောင်းနှင့် အဆိုပါကဗျာကို အဋ္ဌမတန်း (G9) သင်ရိုးတွင် ခြွင်းချက်မရှိ ပြန်လည် ထည့်သွင်းပေးရန် တောင်းဆိုလိုက်သည်။

၆။ အများပြည်သူတို့ တန်ဖိုးထားအပ်သော မြန်မာစာဘာသာရပ်ကို ဖိနှိပ်သည့် အပြုအမူများ ဆက်လက် ပြုလုပ်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ပညာရေးဝန်ကြီးဌာနက တာဝန်ခံရမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ် ပါသည်။

No comments:

Post a Comment