Sunday, June 9, 2019

အမျိုးသမီးတဦးသေဆုံးမှု ၇ လကျော်ကြာမှ လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်

သာမန်​ သေမှု​သေခင်းနဲ့ အမှုဖွင့်ထားတဲ့ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီးတဦး သေဆုံးမှုကို ၇ လကျော်ကြာမှ လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ ရဲက ပြောပါတယ်။ မန္တ​လေးမြို့၊ချမ်းမြသာစည်​မြို့နယ်​၊ ကျွန်းလုံးဥ​သျှောင်​ရပ်​ကွက်၊ မဟာမုနိဘုရားကြီး​ မြောက်​ဘက်​တိုက်​တန်း၊ အခန်း ၇ မှာ ​နေထိုင်​တဲ့ အမျိုးသမီးတ​ဦး​ဟာ ၂၀၁၈ ခုနှစ်​၊ နိုဝင်​ဘာလ ၈ ရက်​​နေ့ကေ​ရချိုးခန်းအတွင်း ​သေဆုံး​ခဲ့တာပါ။



ဒီအမှုနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်​မြို့မရဲစခန်းမှာ ​သေမှု​သေခင်းအမှတ်​စဉ်​ ၉/၂၀၁၈ နဲ့ အမှု ​ရေးဖွင့်​စစ်​​ဆေးခဲ့ရာက သေဆုံးမှုကို စစ်ဆေးတဲ့ ​ဆေးစာမှာ တ​စုံတ​ဦးရဲ့ ပြုလုပ်​မှု​ကြောင့်​ ​သေဆုံးတာဖြစ်​​တယ်လို့ သိရှိရတဲ့အတွက် ဇွန်​လ ၇ ရက်​​နေ့က လူသတ်​မှုပုဒ်​မနဲ့ ​ပြောင်းလဲ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ချမ်းမြသာစည် မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက ပြောပါတယ်။

“ဆေးစာမရှင်းလင်းတဲ့အတွက် ဆုံးဖြတ်ရခက်ခဲနေလို့ နောက်ထပ် ပြန်မေးရတဲ့အတွက် နည်းနည်းကြန့်ကြာသွားတယ်။ မှုခင်းဆရာဝန်နဲ့ ဆွေးနွေးပြီးတော့ လူသတ်မှုနဲ့ ဖွင့်သင့်တယ် ထင်လို့ ဖွင့်လိုက်တာ။”

သေဆုံးသူဟာ ဦး​ခေါင်းနဲ့ လည်​ပင်းမှာ ရရှိထားတဲ့ ဒဏ်​ရာတွေကြောင့် ​သေဆုံးခဲ့တာ လို့ မှုခင်းဆရာဝန်​ကြီးက မှတ်​ချက်​ပြုထားပြီး ရင်​ခွဲစစ်​​ဆေးချက်​မှတ်​တမ်းအား ထပ်​မံ​တောင်းခံကြည့်​တဲ့အခါ ယာချို​စောင်းပိုင်းနဲ့ ဦး​နှောက်​ငယ်​တို့မှာ ဦး​နှောက်​အ​မှေး​အောက်​ ​သွေးယိုစီးထားတာ၊ လည်​ပင်းဝဲဘက်​ခြမ်းမှာရှိတဲ့ ကြွက်​သားတွေမှာ ​သွေး​ချည်ဥဒဏ်​ရာ တွေ့ရှိတာ၊ ၀ဲ/ယာ​မေးရိုး​အောက်​​ခြေ​ သွေး​ချည်ဥဒဏ်​ရာတွေ ​တွေ့ရှိခဲ့တဲ့အတွက်​ မှုခင်းဆရာဝန်​ရဲ့ သုံးသပ် ​ပြောကြားချက်​အရ တ​စုံတ​ဦးရဲ့ ပြုလုပ်​မှု​ကြောင့်​ ရရှိ​တဲ့ ဒဏ်​ရာတွေနဲ့ ​သေဆုံးခဲ့ရတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ဆေးတွေ့ရှိရတဲ့အတွက် ချမ်းမြသာစည်​မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်​ ​ကျော်​​ကျော်​ဦးက တရားလို ပြုလုပ်ပြီး (ပ)၃၈၆/၂၀၁၉၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂ အရချမ်းမြသာစည် ရဲစခန်းမှာပဲ ​ပြောင်းလဲအမှုဖွင့်လှစ်ထား​ပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်လို့ အသေးစိတ်၊အခြေခံက စပြီး ပြန်လည်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment