Sunday, June 9, 2019

လိင်တူချစ်သူ အမျိုးသမီးနှစ်ဦးအား တိုက်ခိုက်ခဲ့သည့် လူငယ်ငါးဦးကို အာမခံဖြင့်ပြန်လွှတ်

လိင်တူချစ်သူ အမျိုးသမီးစုံတွဲတတွဲအား တိုက်ခိုက်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်ငါးဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဇွန် ၈ ရက်မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုဟာ လန်ဒန်မြို့ရှိ ညဘတ်စ်ကားတစီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လိင်တူချစ်သူ အမျိုးသမီးနှစ်ဦးဟာ လူငယ်ငါးဦးကို နမ်းဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။



ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း သူတို့နှစ်ဦးဟာ ဓားပြတိုက်ခံခဲ့ရရုံမက သွေးအလိန်းလိန်းနဲ့ ကျန်ခဲ့ရတယ်လို့ တိုက်ခိုက်ခံခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် မီလာနီရာ ဂေးမိုနက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရှက်စရာကောင်းတဲ့ ခွဲခြားဆက်ဆံမှု တခုဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ထုတ်ြပန်ကြေညာခဲ့ပြီး ဒီတိုက်ခိုက်မှုမှာပါဝင်တယ်လို့ သံသယရှိတဲ့ အသက် ၁၅ နှစ်မှ ၁၈ နှစ် အရွယ် လူငယ်လေးဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဇွန်လ ၇ ရက်က ထုတ်ပြန်ပါတယ်။

ဓားပြမှုအတွက် သံသယရှိတဲ့ အသက် ၁၆ နှစ်အရွယ်လူ ငယ်တဦးကို ဇွန် ၈ ရက်မှာ ဖမ်းဆီးနိုင်ခဲ့ပြီလို့ မကြာသေးခင်က ထပ်မံကြေညာပါတယ်။

“ဒီလူငယ်ငါးဦးဟာ ဇူလိုင်လအစောပိုင်းအထိ အာမခံရရှိထားပါတယ်” လို့လည်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

“သူတို့က ကျမတို့အနားကို ရောက်လာပြီး ရန်လိုတဲ့စကားတွေ၊ ညစ်ပတ်တဲ့စကားတွေ စတင်ပြောဆိုပါတယ်။ အဲ့ဒီနောက်မှာ ကျမတို့ကို နမ်းခိုင်းပါတယ်။ ပြီးတော့ ကျမတို့ကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ နောက်တော့ ကျမရဲ့ချစ်သူ ခရစ်က ဘတ်စ်ကား အလယ်ကို ရောက်ရှိသွားခဲ့ပြီး သူတို့က ဝိုင်းထိုးခဲ့ကြပါတယ်။ ကျမက ခရစ်ကိုကာကွယ်ပေးဖို့ သွားတော့ ကျမကိုပါ ဝိုင်းထိုးခဲ့ပါတယ်” လို့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂေးမိုနက်က ပြောပါတယ်။

အဲဒီနောက်မှာ လူငယ်ငါးဦးဟာ ကားပေါ်ကပြေးဆင်းသွားခဲ့ကြပြီး မဆင်းခင်ဖုန်းတွေ၊ အိတ်တွေကိုလည်း လုယူသွားခဲ့ကြပါတယ်။

အမျိုးသမီးနှစ်ဦးဟာ ထိုးကြိတ်ခံခဲ့ရတာကြောင့် ဆေးရုံတက် ကုသမှုခံယူခဲ့ရတယ်လို့လည်း သိရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂေးမိုနက်ဟာ ဥရုဂွေးနိုင်ငံသူဖြစ်တယ်လို့ သိရပြီး သူ့ချစ်သူခရစ်ကတော့ အမေရိကန်ကနေ ရောက်ရှိလာတာဖြစ်ပါတယ်။

မေလ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

No comments:

Post a Comment