Sunday, June 9, 2019

မြန်မာနိုင်ငံ၏ မှတ်ပုံတင်ပြီး ယာဉ်အစီးရေ ၂၀၁၈ ဒီဇင်ဘာလကုန်တွင် ၇ ဒသမ ၂ သန်းအထိ တိုးတက်စစ်ဆေး မှတ်ပုံတင်နိုင်ခဲ့

မြန်မာနိုင်ငံ၏ မှတ်ပုံတင်ယာဉ်စီးရေသည်  ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၌ ယာဉ်အစီးရေ ၅ ဒသမ ၅ သန်းရှိခဲ့ရာမှ ၂၀၁၈ ဒီဇင်ဘာတွင် ယာဉ်အစီးရေ ၇ ဒသမ ၂ သန်းအထိ တိုးတက်စစ်ဆေး မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ကုန်းလမ်းပို့ဆောင်ရေး ကဏ္ဍဍအတွင်း မော်တော်ယာဉ်များကို စစ်ဆေးမှတ်ပုံတင်ပေးခြင်း၊ အငှားယာဉ်များကို လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းနှင့် ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။



၂၀၁၆ ခုနှစ် မတ်လ၌ ယာဉ်စီးရေ ၅ ဒသမ ၅ သန်းရှိခဲ့ရာမှ လျင်မြန်လွယ်ကူသည့် စနစ်များ ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့် ၂၀၁၈ ဒီဇင်ဘာတွင် ၇ ဒသမ ၂ သန်းအထိ ယာဉ်စီးရေ တိုးတက်မှတ်ပုံတင်ပေး နိုင်ခဲ့ကြောင်း သိရသည်။ ယာဉ်မတော်တဆမှုများ မဖြစ်ပွားရေးနှင့် လျော့နည်းကျဆင်းရေးတို့အတွက် အမျိုးသား ယာဉ်အန္တရာယ် ကင်းရှင်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးရသည့် အခြေအနေများမှာ ၂၀၁၃ ခုနှစ်တွင် ယာဉ်စီးရေ တစ်သောင်းတွင် သေဆုံးမှုနှုန်း ၉ ဒသမ ၂၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ယာဉ်စီးရေ တစ်သောင်းတွင် သေဆုံးမှုနှုန်း ၇ ဒသမ ၁၈ ရာ ခိုင်နှုန်းသို့ လျော့နည်းကျဆင်း လာခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ မှတ်ပုံတင်ယာဉ်စီးရေသည် National Road Safety Action Plan (၂၀၁၄-၂၀၂၀) စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း ၄ ဒသမ ဝ၁ သန်းသာ ရှိခဲ့ရာက ယခု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ စာရင်းအရ စုစုပေါင်း ၇ ဒသမ ၂၉ သန်း အထိ နှစ်ဆနီးပါးတိုးလာခဲ့ပြီး ယာဉ်စီးရေ တိုးပွားလာမှုနှင့် ယာဉ်မတော်တဆမှုသည် တိုက်ရိုက်အချိုးကျသည့် သဘောသဘာဝ ရှိသည့်အပြင် ယာဉ်တိုက်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းများကို ခြုံငုံသုံးသပ်ကြည့်သည့်အခါ လူကြောင့်ဖြစ်သည့် ယာဉ်တိုက်မှုသည် ၉၈ ဒသမ ဝ၂ ရာခိုင်နှုန်း ရှိလာကြောင်း သိရသည်။

ကားမောင်းနှင်၊ စီးနင်းစဉ်တွင် အသက်ကယ်ထိုင်ခုံခါးပတ်ကို အသုံးမပြုသည့်အတွက် ၂၀၁၈ ခုနှစ်အတွင်း ဒဏ်ရာရ ၆၂၇၆ ဦး၊ သေဆုံး ၁၂၁၄ ဦး ရှိခဲ့ကြောင်း၊ အသက်ကယ် ထိုင်ခုံခါးပတ် မပတ်ခြင်းသည် ခါးပတ်ပတ်ခြင်းထက် ဒဏ်ရာရမှုမှာ နှစ်ဆနီးပါးနှင့် သေဆုံးမှုမှာ လေးဆနီးပါး ပိုမိုကြောင်း၊ ထို့ကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများကို လျှော့ချနိုင်ရန် ယာဉ်များပေါ်တွင် မောင်းနှင်သူရော၊ လိုက်ပါစီးနင်းသူအားလုံး ခရီးစဉ်အစကနေ အဆုံးအထိ ခါးပတ်ပတ်စေရန်၊ ယာဉ်များအားလုံး အထူးသဖြင့် ခရီးသည်တင် အဝေးပြေး ဘတ်စ်ယာဉ်ကြီးများအားလုံး ထိုင်ခုံတိုင်းတွင် အသက်ကယ်ထိုင်ခုံ ခါးပတ်များ ပြည့်စုံစွာ တပ်ဆင်ပါရှိပြီး ဖြစ်စေရန် စီမံချက်တစ်ရပ် အသွင်ဖြင့် စစ်ဆေး၊ ကြပ်မတ်၊ အရေးယူမှုများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment