Friday, June 14, 2019

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း မော်လမြိုင်နှင့် ထားဝယ်သို့ ခြေစမ်းခရီးစဉ်သွားမည်

အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှု အဖြစ် မြန်မာ့လက်ရွေးစင် အမျိုး သမီးဘောလုံးအသင်းသည် မော်လမြိုင်နှင့် ထားဝယ်မြို့သို့ ခြေစမ်း ခရီးစဉ် သွားရောက်မည် ဖြစ် သည်။ မြန်မာအမျိုးသမီးအသင်း သည် အဆိုပါ ခြေစမ်းခရီးစဉ်ကို ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၅ ရက်အထိ ၁၀ ရက်ကြာ သွားရောက် မည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသခံ လူငယ်အမျိုးသားအသင်း၊ အားကာသိပ္ပံ လူငယ်အသင်းတို့နှင့် ခြေစမ်းပွဲ လေးပွဲကစားရန် စီစဉ်ထားကြောင်း  ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။



‘‘ဒီခရီးစဉ်မှာ အနည်းဆုံး တော့ လေးပွဲကစားပါမယ်။ ခရီး စဉ်ကို ကစားသမားအားလုံးလည်း ခေါ်ဆောင်သွားမှာပါ။ ခြေစမ်းပွဲတွေကစားရင်း အသင်းကို ပြင်ဆင်မှုတွေ လုပ်သွားမှာပါ’’ ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို့ပြင် အာဆီယံပြိုင်ပွဲမတိုင်မီ မြန်မာအမျိုး သမီးအသင်းကို ပြည်ပခြေစမ်းပွဲ ယှဉ်ပြိုင်နိုင်ရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက တာဝန်ယူဆောင် ရွက်နေပြီး ဇွန်လ ၁၁ ရက်က စတင်၍ ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေ သည်။

၂၀၁၉ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည်ဖြစ် ပြီး မြန်မာအသင်းသည် အုပ်စု(ခ)တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နှင့်အတူကျရောက်နေသည်။ အုပ်စု(က)တွင် အိမ်ရှင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်းတို့ ပါဝင်သည်။ မြန်မာအမျိုးသမီးအသင်း သည် အာဆီယံအမျိုးသမီး ချန်ပီ ယံရှစ်ပြိုင်ပွဲတစ်လျှောက် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် ၁ ခု  ရရှိထားသည်။

No comments:

Post a Comment