Tuesday, May 28, 2019

အီရန်နှင့် အမေရိကန်အကြား ပြေလည်စေရန် ကြားဝင်ညှိနှိုင်းပေးမည်ဟု အီရတ်ကမ်းလှမ်း

အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့အကြား ရရှိထားသော အီရန်နျူကလီးယား သဘောတူညီချက်အစီအစဉ်သည် တဖြည်းဖြည်း ပျက်ပြားလာနေစဉ် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုဖြစ်နေသည့် အီရန်နှင့် အမေရိကန်တို့အကြား ပြေလည်စေရန် ညှိနှိုင်းပေးမည်ဟု အီရတ်က ကမ်းလှမ်းခဲ့သည်။ အီရတ်သည် ဝါရှင်တန်၏ တစ်ဖက်သတ်လုပ်ရပ်များအား ဆန့်ကျင်ကြောင်း အလေးပေးပြောကြားလိုပြီး အီရတ်၏ အဓိက မဟာမိတ်များဖြစ်ကြသည့် အမေရိကန်နှင့် အီရန်တို့အကြား ကျေနပ်လောက်သော အဖြေရရှိရန် ဘဂ္ဂဒက်က ကြိုးစားသွားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အယ်ဟာကင်က မေ ၂၆ ရက်တွင် ဘဂ္ဂဒက်၌ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရက်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


မကြာသေးမီသတင်းပတ်များအတွင်း အီရန်ထံမှ အထူးပြုမဖော်ပြသည့် ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘ࿿ောတစ်စင်းနှင့် B – 52 ဗုံးကြဲလေယာဉ်များအား စေလွှတ်ခဲ့ပြီးနောက် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား တင်းမာမှုမြင့်တက်ခဲ့သည်။ တပ်ဖွဲ့ဝင် ၆၀ဝ တပ်စွဲထားပြီးဖြစ်သော အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၉၀ဝ ထပ်မံစေလွှတ်ရန်လည်း အမေရိကန်က စီစဉ်ထားသည်။ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသ ဘောတူညီချက်မှ နုတ်ထွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့သောနှစ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှု အစပျိုးခဲ့သည်။ ယင်းနောက် ဝါရှင်တန်က အီရန်အား ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ပြန်လည်ချမှတ်ခဲ့ပြီး အီရန်စီးပွားရေးကို အလွန်အမင်းထိခိုက်စေခဲ့သည်။

ထိုနျူကလီးယားသဘောတူညီချက် တည်မြဲစေရန်အတွက် သံတမန်ရေးရာ စည်းရုံးမှုကို လုပ်ဆောင်နေသည့် ဇာရက်က အီရန်သည် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း၊ အမေရိကန် နုတ်ထွက်မှုအပြီး လက်မှတ်ထိုးထားသည့် ကျန်ရှိသော ဥရောပနိုင်ငံများက ထိုသဘောတူညီချက်ကို တည်တံ့စေရန်အတွက် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ရှီအိုက်အများစုနေထိုင်သော အီရတ်သည် ゞင်း၏ မဟာမိတ်များဖြစ်ကြသော တီဟီရန်နှင့် ဝါရှင်တန်တို့အကြား စကားလုံး စစ်ပွဲဖြစ်ပွားနေစဉ် သင့်လျော်သည့်နေရာ မှ ပါဝင်နိုင်ရန် ကြိုးပမ်းနေသည်။ ထို့ပြင် အီရတ်သည် ရှီအိုက်သြဇာကြီးအီရန်နှင့် ဆွန်နီသြဇာကြီး ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်ကမ္ဘာမှ နိုင်ငံအများစုအကြား ပဋိပက္ခဖြစ်ပွားသည့် အချက်အချာတွင် ကျရောက်နေခဲ့ပြီး ဒေသတွင်း၌ သြဇာလွှမ်းမိုးနိုင်ရေးအတွက် ဆော်ဒီ-အီရန်ပြိုင်ဆိုင်မှုတွင်လည်း ကာလရှည်ကြာ ပြိုင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။

ယင်းအချိန်တွင် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက အီရန်အစ္စလာမ္မစ်သမ္မတ နိုင်ငံသည် ゞင်း၏ နျူကလီးယားစီမံကိန်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပနိုင်ကြောင်း ပြောကြားခဲ့သည်ဟု အစိုးရသတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့သည်။

No comments:

Post a Comment