Wednesday, May 8, 2019

'အခြေခံပညာကျောင်းသားများအတွက် နွေရာသီကျောင်းပိတ်ရက် ၃ လမှ ၂ လသို့ လျှော့ချလိုက်မှုနှင့် သူတို့အသံ''

လာမည့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်မှစ၍ နွေရာသီကျောင်းပိတ်ရက် ၃ လမှ ၂ လသို့ လျှော့ချလိုက်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့်ကောင်းခြင်း၊ ဆိုးခြင်းများနှင့်ပတ်သက်ပြီး ပညာရေးနယ်ပယ်မှ ဆရာ၊ ဆရာမများ၏ ထင်မြင်ချက်များအား မေးမြန်းထားသည်ကို ဖော်ပြပါသည်။

ဂုဏ်ထူးဦးသိန်းနိုင်
ဒီပြင်တိုင်းပြည်တွေအနေနဲ့ဆိုရင်တော့ သဘာဝကျရင်ကျမှာပေါ့ကွာ။ ဆရာတို့တိုင်းပြည်အနေနဲ့တော့ မလုပ်သင့်ဘူး။ ကျောင်းပိတ်ရက်တွေကလည်း သိပ်များတာကိုး။ စာသင်ချိန်နည်းတဲ့အတွက် များအောင် လုပ်တာလို့ ထင်ပါတယ်။ ဆရာတို့ငယ်ငယ်တုန်းကလည်း ဒီလိုရှိတယ်။ ပြီးမှ ဘယ်လိုဘယ်လိုဖြစ်သွားပြီးတော့ ကျောင်းပိတ်ရက် ၃ လဖြစ်သွားလည်း မသိဘူး။ ဆရာတို့ငယ်ငယ်တုန်းကတော့ ရာသီဥတုက ဒီလောက်မပူ တော့ သိပ်ပြဿနာမရှိဘူး။ ခုက ရာသီဥတုကအရမ်းပူတော့ ကလေးတွေအတွက် ပြဿနာရှိနိုင်တယ်။
၎ တန်း၊ ၈ တန်းတွေစာမေးပွဲ ဖြေရင် ၇ ရက်၊ ၈ ရက်လောက်ကြာမယ်။ ပိတ်ရမယ်ဆိုပြီးဖြစ်ပြန်ရော၊ အဲဒါကြောင့် လက်ရှိအတိုင်းတော့ ပိုကောင်းတယ်လို့တွေးမိတာပဲ။ ကလေးတွေအတွက်ရော၊ မိဘတွေအတွက်ရော။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လောက်စောင့်ရှောက်နိုင်မလဲဆိုတာလည်း မသိနိုင်သေးဘူး။ ဆရာ့ အနေနဲ့တော့ ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ပိုင်ကောင်းအောင်လုပ်သင့်တယ်လို့ပဲ ထင်တာဘဲ။

ဆရာဦးခင်မောင်ဌေး (ပညာရေး)၊ ပညာရေး ဆောင်းပါးများရေးသားသူ

ဆရာကတော့ လုံးဝသဘောမတူပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစာမေးပွဲက တနှစ်မှာလည်း ၄၊ ၅ ကြိမ်လောက် လုပ်ပြီးသားလေ။ နောက်တခုက အချိန်ပိုလိုချင်တယ်လို့ထပ်ပြောတာလည်း သဘာဝမကျဘူး။ KG+12 ဆိုတဲ့ စနစ်သစ်ကိုပြောင်းနေတဲ့အခါမှာ ပညာသင်နှစ်ကြီးက ၁၂ တန်းထိတောင် စာသင်နှစ်ကို တိုးသွားပြီး။ ဒါကြောင့် ကလေးအတွက်လိုတယ်ဆိုတာမဖြစ်နိုင်ဘူး။ နောက်တခါ အစိုးရစစ်ဖြစ်တဲ့ ၄ တန်းနဲ့ ၈ တန်းရယ် နောက်တခုတက္ကသိုလ်ဝင်တန်းကို မြန်မာနိုင်ငံစာစစ်ဌာနက ပြောတဲ့အတိုင်းလုပ်မယ်ဆိုတော့ မြန်မာနိုင်ငံစာစစ်ဌာနက လုပ်နေကျကတော့ မတ်လအစောပိုင်းမှာ တက္ကသိုလ်ဝင်တန်းလုပ်တယ်။ ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာ ၄ တန်း နဲ့ ၈ တန်းကိုလုပ်တယ်။ အင်မတန်နုနယ်တဲ့ကလေး တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ မတ်လအပူချိန်က လုံးဝမသင့်တော်ဘူး။ အဲတော့ ဒီစာမေးပွဲကြီးလုပ်နေတုန်းမှာပဲ ဒီကလေးတွေကို ဘယ်မှာသွားထားမလဲ။ ဒီစာမေးပွဲတွေက တကျောင်းလုံးအသုံးပြုရတဲ့စာမေးပွဲတွေ ဖြစ်နေတယ်။ တက္ကသိုလ်ဝင်တန်းကျင်းပနေတဲ့အချိန်မှာ ဒီကလေးတွေကို ဘယ်လိုထိန်းမလဲ။ တခါမတ်လ နောက်ဆုံးပိုင်း ကျမှ စာမေးပွဲလုပ်မယ်ဆိုရင်တော့ ကလေးတွေနဲ့ လုံးဝမသင့်တော်ဘူး။ အဲဒါကြောင့် ဆရာကတော့ လုံးဝကန့်ကွက်ပါတယ်။

ဒေါက်တာမိုးသူ TTC ၊ ကျောင်းအုပ်ကြီးဟောင်း

ကျွန်မသိရသလောက်ကတော့ ကျောင်းသားမိဘတွေအများစုကတော့ ဒီလိုကျောင်းပိတ်ရက် လျှော့ချ လိုက်တာကို မကြိုက်ဘူးပေါ့။ ကျွန်မတို့ဆီမှာကျောင်းပိတ်ရက်တွေကများတော့ သင်ရိုးကုန်အောင် သင်ကြားဖို့ဆိုတာ အခက်အခဲရှိတယ်။ အပြည့်အဝစာသင်ချိန်ရှိတာဆိုလို့ ဇွန်လကနေ စက်တင်ဘာအထိ လေးလပဲ။ သတင်းကျွတ်ကျောင်းပိတ်ရက်ပြီးရင် ကလေးတွေကျောင်းမတက်တော့တာနဲ့ ကျောင်းပိတ် ရက်တွေများတာနဲ့ စာသင်ချိန်က သိပ်မရှိတော့ဘူး။ ကျောင်းပိတ်ရက်မှာလည်း ဆရာ၊ ဆရာမတွေက အနားနေရတာမဟုတ်ဘူး။ အဖြေလွှာစစ်၊ သင်တန်းတွေတက်နေရတာပဲ။ ကျွန်မအကြံပေးချင်တာက တော့ ကျောင်းဖွင့်ရက်ကို မတ်လထိတိုးဖွင့်မယ့်အစား မေလလယ်ကနေစဖွင့်ရင် ပိုကောင်းမယ်ထင်တယ်။ မတ်လကျတော့ ပူလွန်းတဲ့အတွက် ကလေးတွေရဲ့ကျန်းမာရေးထိခိုက်မှု ဖြစ်ပေါ်နိုင်တယ်။

ဒေါက်တာစိုးဝင်းဦး(ဒေါက်တာဘိုင်အို) ၊ ဝါရင့်ကျူရှင်ဆရာ

ကမ္ဘာပေါ်က ကျောင်းတွေအားလုံးမှာ တနှစ်ကို ၁ဝ လလောက်အပြည့်သင်ပြီး ၂ လလောက်ပဲ ပိတ် တယ်ဗျ။ ကျွန်တော်တို့က သုံးလအပြင် ကြားမှာပိတ်တဲ့ ၁ဝ ရက်၊ ၁ဝ ရက်တွေ လျှောက်ပေါင်းရင် တနှစ်ကို ၄ လ လောက်ပိတ်တဲ့နိုင်ငံလိုဖြစ်နေတယ်။ အဲတော့ နဂိုကတည်းက စာမတတ်လို့ ပညာအရည်အချင်းက မရှိပါဘူးဆိုတဲ့ကြားထဲ ကျောင်းပိတ်ရက်တွေက များနေတော့ စာကိုထိရောက်အောင်သင်ဖို့ အချိန်မရှိဘူး။ စာတွေကြီးပဲတွန်းသင်နေတော့လည်း ဗဟုသုတနဲ့ ဗလ ၅ တန်ဖွံ့ဖြိုးရေး မလုပ်နိုင်ပြန်ဘူး။ ကျောင်းဆိုတာက တော့ ဘက်စုံဖွံ့ဖြိုးအောင်လုပ်ပေးဖို့လုံလောက်တဲ့အချိန်လိုတယ်လေ။ အဲဒါကြောင့် စာသင်ချိန်တိုးရ မယ်ဆိုတာ ကျောင်းကစာတခုထဲတော့ မဟုတ်ဘူးဗျ၊ ကလေးတွေရဲ့ ကာယ၊ ဥာဏ ဘက်စုံဖွံ့ဖြိုးရေးကို ပျိုးထောင်ဖို့အချိန်ကို တိုးတဲ့သဘောပဲ။ ကျွန်တော်တို့တုန်းကလည်း မတ်လကုန်မှ စာမေးပွဲပြီးတာ။ ဆိုလိုတာက ဟိုတုန်းကတည်းက အစဉ်လာရှိပြီးသား အစဉ်လာကောင်းတွေပါ။ တဖြည်းဖြည်းနဲ့ ပညာရေးကို ပစ်စလက်ခတ် လွယ်လွယ်ကူကူဖြေရှင်းလိုက်တာ ပေါ့။ ပိတ်တယ်ကွာဆိုပြီး ကျောင်းတွေခဏခဏပိတ်၊ လွယ်လွယ်နဲ့ အအောင်ပေးတယ်ဆိုတော့ အဲလိုနဲ့ပဲ အရည်အသွေးမပါဘဲ အောင်စာရင်းမှာတော့ နာမည် တွေ အများကြီးပါလာတာပေါ့။ အဲဒီလိုနဲ့ပဲ အရည်အချင်းပြန်တည်ဆောက်မယ်ဆိုရင်တော့ စာသင်ချိန် ဒီထက်တိုးရမယ်။ စာသင်ပေးတဲ့ ဆရာ၊ ဆရာမအင်အားလည်းတိုးရမယ်။ စာသင်ခန်းတွေ၊ အထောက် အကူပြုပစ္စည်းတွေ၊ အခြေခံအဆောက်အအုံတွေလည်း ပေးရမယ်။ အားလုံးလိုအပ်နေတာပေါ့။ အဲဒါ ကြောင့် ခုလိုအချိန်တိုးတာကောင်းတာပေါ့၊ လုပ်သင့်တဲ့အလုပ်ပဲ၊ လုပ်တာနောက်ကျနေပြီ။

ဆရာ ဦးဖြိုးရာဇာဦး ၊ အလယ်တန်းကျောင်းအုပ်ဆရာကြီး

ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တရားဝင်နွေကျောင်းပိတ်ရက်က ဧပြီလနဲ့ မေလပါ။ နှစ်စဉ် ကျောင်းတက်ရက်က မတ်လကုန် အထိပါပဲ။ ခုက ဝန်ကြီးက မိန့်ခွန်းပြောရင်း ထည့်ပြောလိုက်တာ ပေါ့လေ။ စာသင်ချိန် တလတိုးပြီးကျောင်းပိတ်ရက် တလနည်းသွားမှာပေမဲ့ ဆရာ၊ ဆရာမတွေအတွက်ကတော့ နဂိုကတည်းက မတ်လကုန်အထိကျောင်းမှာ ရှိနေရမှာမို့ မထူးပါဘူး။ ကလေးတွေအတွက်ကတော့ နေအရမ်း ပူချိန်ဆိုတော့ အဆင်ပြေမှ ပြေပါ့မလားတော့ တွေးမိတယ်။ ပြီးတော့ မတ်လထဲမှာ ၁ဝ တန်း စာမေးပွဲရှိတော့ ဆရာ၊ ဆရာမတွေက အခန်းစောင့် တာတို့၊ စာစစ်တာဝန်တွေနဲ့မို့ တအားကပ်နေတယ်။ လယ်ပြအများစုက လည်း ၄ တန်း၊ ၈ တန်း ကြီးကြပ် ရေးမှူးလုပ်ရတာတွေရှိတဲ့အပြင် စာစစ်ရတာတွေနဲ့ ၁ဝ တန်း အခန်းစောင့် တာဝန်တွေလည်းရှိတယ်။ ပြီးတော့ နောက်နှစ်သင်ရိုးသစ်က G - 4/G -7/ G – 10 သင်ရိုး သစ်သင်တန်းတွေရှိ နေတော့ ဆရာ၊ ဆရာမတွေ ရက်ကျပ်ဖြစ်နေမယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ ဝန်ကြီးက စကားနဲ့ပြောသွား တာပဲ ရှိသေးတာပေါ့ လေ။ တရားဝင်စာထုတ်တာတော့ မဟုတ်သေးပါဘူး။ ပညာရေးဝန်ကြီးဌာနက ဝန်ကြီးက လုပ်ရမယ်ဆိုပြီး အတိအကျထပ်ပြီး ညွှန်ကြားလာရင်တော့ လုပ်ကြရမှာပေါ့လေ။

No comments:

Post a Comment