Wednesday, May 8, 2019

လက်ကိုင်ဖုန်းများ တင်သွင်းရောင်းချ ဖြန့်ဖြူးမှုကို ယခင်ကတည်းက ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံနေခြင်းဖြစ်ပြီး ပြေစာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ညွှန်ကြားခြင်းမှာ အခွန်စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုသာ ဖြစ်ကြောင်း ပြည်တွင်းအခွန် အသိပေး

လက်ကိုင်ဖုန်းများ တင်သွင်းရောင်းချ ဖြန့်ဖြူးမှုကို ယခင်ကတည်းက ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံနေခြင်းဖြစ်ပြီး ပြေစာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ညွှန်ကြားခြင်းမှာ အခွန်စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုသာ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေး ကြေညာထားသည်။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ လည်းကောင်း၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ လည်းကောင်း လက်ကိုင် ဖုန်းများတင်သွင်းရောင်းချ၊ ဖြန့်ဖြူးရောင်းချပါက ယခင်ကတည်းက ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံနေပြီး လုပ်ငန်းရှင်များကလည်း ပေးသွင်းလျက်ရှိကြောင်း သိရသည်။



ယခုလက်ကိုင်ဖုန်း ရောင်းချပါက အရောင်းပြေစာ အပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ညွှန်ကြားခြင်းသည် စီမံအုပ်ချုပ်မှုအရ ပေးဆောင်လာသော အခွန်များကို မှတ်တမ်းတင်စာရင်း ကိုက်ညီစေရန် အခွန်စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုသာဖြစ်ပြီး ယခုမှ လက်ကိုင်ဖုန်း ရောင်းချမှုအပေါ် အခွန်ကောက်ခံသည်ဟု ထင်မှတ်မှားယွင်းမှု မဖြစ်စေရန် အသိပေး ကြေညာခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှစတင်ပြီး လက်ကိုင်ဖုန်း ရောင်းချရာတွင် အခွန်ပြေစာကပ်နှိပ်ပြီး ရောင်းချရမည်ဖြစ်ရာ အရောင်းဆိုင်များ အနေဖြင့် သက်ဆိုင်ရာ အခွန်ရုံးများထံသို့ လျှောက်ထားရယူနိုင်ကြောင်း သိရသည်။


လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူပါက ဇွန် ၁ ရက်မှစ၍ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး အရောင်းပြေစာ အပေါ်တွင် အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ရောင်းချရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ဧပြီ ၁ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများ၏ စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ (က)၊ စည်းမျဉ်း ခွဲငယ် (၃) တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသည့် ပြေစာဖြင့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေနှင့်အတူ ကျသင့်အခွန်ကို ကုန်စည်ဝယ်ယူသူထံမှ တစ်ပါးတည်း ကောက်ခံရမည်ဟု ပြဋ္ဌဌာန်းထားကြောင်း သိရသည်။

အဆိုပါ ပြဋ္ဌဌာန်းချက်နှင့်အညီ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများ၏ စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရာတွင် ပစ္စည်းတန်ဖိုးနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသည့် ပြေစာဖြင့် ရောင်းချခြင်းဆိုင်ရာ နည်းလမ်းများကို ထုတ်ပြန် သတ်မှတ်ထားပြီး ဖြစ်သည်။

လက်ကိုင်ဖုန်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူ မိဘပြည်သူများ အနေဖြင့် အဆိုပါ ပစ္စည်းများ ဝယ်ယူခြင်းအတွက် ကျသင့်သော စုစုပေါင်းတန်ဖိုး အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကျသင့်မည်ဖြစ်သည်။ ယင်းပစ္စည်းများ ဝယ်ယူသူများထံသို့ ထုတ်ပေးမည့် ပြေစာတွင် ကပ်နှိပ်မည့် အခွန်အမှတ်တံဆိပ် များကိုလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ကိုင်ဖုန်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူ မိဘပြည်သူများ အနေဖြင့် ကျသင့်အခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသော ပြေစာများ တောင်းယူရန်နှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော ပြေစာများ၊ ကျသင့်အခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော ပြေစာများ ထုတ်ပေးပါက နီးစပ်ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင်ကြောင်း အသိပေး ကြေညာထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်အတွင်း (၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ကောက်ခံရန် လျာထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၁၂၂ ဒသမ ၈၃၈ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ တံဆိပ်ခေါင်းခွန်မှ ၇၄ ဒသမ ၆၃၆ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၄၂ ဒသမ ၇၈၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် လေးလအတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၇၈၃ ဒသမ ၄၄၅ ဘီလျံ ကောက်ခံထားပြီး ဖြစ်သည်။

No comments:

Post a Comment