Wednesday, May 8, 2019

ကရင်ပြည်နယ် ဇွဲကပင်ဆံတော်ရှင်စေတီ၏ တိုးချဲ့ရင်ပြင်တော် မှန်သားခင်း (View Point) ဖွင့်ပွဲ ကျင်းပ

ဇွဲကပင် ဆံတော်ရှင်စေတီ၏ တိုးချဲ့ရင်ပြင်တော် မှန်သားခင်း (View Point) ဖွင့်ပွဲ ပြုလုပ်နေစဉ်၂၀၁၈ ခုနွစ္ဇြန္လမွ စတင်အကောင် အထည်ဖော်ခဲ့သည့် ဇွဲကပင်တောင်ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ တိုးချဲ့ရင်ပြင် မှန်သားခင်း (View Point) ဖွင့်ပွဲကို မေ ၇ ရက် နံနက် ၈ နာရီက ဇွဲကပင် ဆံတော်ရှင်စေတီတော် တောင်ပေါ်ကျောင်း ဆုတောင်းပြည့် စေတီတော် အာရုံခံတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဇွဲကပင်တောင် တိုးချဲ့ရင်ပြင်တော် မှန်သားခင်း (View Point) ဖွင့်ပွဲမကျင်းပမီ ဇွဲကပင်တောင် ဆရာတော် ဓမ္မကထိကဗဟုဇန ဟိတဓရ ဘဒ္ဒန္တကဝိဓဇ၏ သြဝါဒကိုခံယူကာ တိုးချဲ့ရင်ပြင်တော် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီကြသည့် အများဒါယကာ၊ ဒါယိကာမများ၊ ကုသိုလ်ယူ လုပ်အားဒါန ပေးခဲ့သည့် လုပ်အားရှင် အပေါင်းနှင့် အဘက်ဘက်က ဝိုင်းဝန်းကူညီ ကုသိုလ်ယူခဲ့သည့်လူ ပုဂ္ဂိုလ်များက ရေစက်ချ တရားတော် နာယူခဲ့ပြီး တိုးချဲ့ရင်ပြင်တော် မှန်သားခင်း (View Point) ဖွင့်ပွဲကို ဇွဲကပင်တောင် ဆရာတော်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


“ဒီတိုးချဲ့ရင်ပြင်တော် ဖြစ်မြောက်အောင်မြင်မှု ရတာဟာ အားလုံးသော ဒါယကာ၊ ဒါယိကာမတွေ ဝိုင်းဝန်းကူညီမှုကြောင့်လို့ ဘုန်းဘုန်းပြောလိုပါတယ်။ အထူးသဖြင့် အများတကာရဲ့ လှူဒါန်းငွေနဲ့ ဒီရင်ပြင်တော် တိုးချဲ့လုပ်ငန်းကို ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ခဲ့တဲ့ တောင်ကလေးက ဒါယကာ စောအောင်ထူးနဲ့ အဖွဲ့ကို ဘုန်းဘုန်း အရမ်းကျေးဇူး တင်ပါတယ်လို့ ပြောလိုပါတယ်” ဟု ဇွဲကပင်တောင် ဆရာတော်က မိန့်ကြားသည်။ ဇွဲကပင်တောင် ရင်ပြင်တိုးချဲ့သည့် လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်(တပေါင်းလပြည့်)တွင် ပြီးစီးခဲ့ကာ စေတီတော် အရှေ့ဘက်သို့ အလျားပေ ၁၀ဝ၊ အနံအကျယ် ၁၅ ပေအထိ သံပေါင်များဖြင့် တိုးချဲ့ပြီး အထူတစ်လက်မရှိ မှန်ချပ်ရေ ၇၀ ကို သံချောင်းညှပ် ခင်းကျင်းထားကြောင်း သိရသည်။

ဇွဲကပင်တောင်စေတီ ရင်ပြင်တိုးချဲ့ခြင်း လုပ်ငန်းသည် တတ်သိကျွမ်းကျင် နည်းပညာရှင်များ မပါရှိဘဲ ဒေသခံပညာရှင်နှင့် လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ဒေသအတွင်း ဝေဖန်မှု မြင့်တက်လျက်ရှိပြီး ဒေသခံများ စိုးရိမ်ပူပန်မှု ရှိခဲ့ကြောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ကလည်း ကျွမ်းကျင်ပညာရှင်များ ခေါ်ယူကာ စစ်ဆေးကြပ်မတ် ကူညီမှု ပြုလုပ်ပေးထားကြောင်း သိရသည်။

No comments:

Post a Comment