Wednesday, May 8, 2019

တရုတ် စတော့ရှယ်ယာဈေးကွက် အဆိုးဆုံး ကျဆင်းခဲ့ပြီးနောက် အနည်းငယ်ပြန်တက်

အမေရိကန်က တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်စည်တွေကို ထပ်ဆောင်းခွန် တိုးကောက်မယ့် အစီအစဉ် စပြီလို့ ကြေညာအပြီး သီတင်းပတ် ငါးပတ်တာ ကျဆင်းနေခဲ့တဲ့  အာရှ စတော့ရှယ်ယာဈေးဟာ မေလ ၇ ရက်မှာ အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဘဏ္ဍာရေးဈေးကွက်တွေ ထိတ်လန့်တုန်လှုပ်ခဲ့သလို ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ လမ်းချော်မှာကိုလည်း စိုးရိမ်နေကြတာပါ။



တရုတ် စတော့ရှယ်ယာဈေးကွက်ဟာ ၃ နှစ်ကျော်ကြာ ကာလအတွင်း အဆိုးဆုံး ကျဆင်းခဲ့အပြီး မေလ ၆ ရက်မှာ နည်းနည်း ပြန်တက်လာခဲ့ပါတယ်။

ရှန်ဟိုင်းဈေးကွက်မှာ ၀ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဟောင်ကောင်ဈေးကွက်မှာ ၀ ဒသမ ၂ ရာခိုင်နှုန်း ပြန်တက်ခဲ့တာပါ။

ဂျပန် နစ်ခေး စတော့ရှယ်ယာ ဈေးကွက်မှာတော့ ၁ ဒသမ ၆ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။

ထရမ့်ကတော့ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဖိုး တရုတ်ကုန်စည်တွေကို ဒီသီတင်းပတ်ကုန်ရက်က စပြီး ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းထိ ထပ်ဆောင်းခွန် တိုးကောက်မယ်လို့ မေလ ၅ ရက်နေ့က ပြောခဲ့ပါတယ်။

ကျန်နေတဲ့ တရုတ် တင်သွင်းကုန်တွေအပေါ် ထပ်ဆောင်းခွန်တွေ မကြာခင် ပစ်မှတ်ထား ကောက်ခံသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

တရုတ်-အမေရိကန် အပြန်အလှန် ကုန်သွယ်ရေး ဆွေးနွေးပွဲအတွက် အမေရိကန် အကြီးတန်းအရာရှိတွေရဲ့ ဖိတ်ကြားချက်အရ တရုတ်ဒုဝန်ကြီးချုပ် လျိုဟော့ဟာ အမေရိကန်နိုင်ငံဆီ မေလ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ သွားရောက်လည်ပတ်မယ်လို့ တရုတ်အစိုးရ မီဒီယာ CCTV က မေလ ၇ ရက်မှာ ပြောပါတယ်။

ဆွေးနွေးပွဲတွေအတွက် အကျယ်တဝင့် ရှင်းပြတာ မရှိသလို ဆွေးနွေးဖို့ မျှော်လင့်ထားတဲ့ အကြောင်းအရာတွေကိုလည်း မပြောခဲ့ပါဘူး။

No comments:

Post a Comment