Wednesday, May 8, 2019

ပျဉ်းမနား သုခစိုးဟိုတယ်တွင် နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ သုခစိုးဟိုတယ်တွင် စိုးလျှပ်စစ်ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ Soe International Open 2019 ကို မေလ ၉ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံတကာမှ အဆင့်မြင့် စစ်တုရင် ကစားသမားအများစု လာရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကစားသများအတွက် အဖိုးတန် အတွေ့အကြုံများစွာရရှိစေရန် ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ စစ်တုရင်လက်ရွေးစင် ကစားသမားများပါ အဆိုပါလူများနှင့် လက်ရည်စမ်းခွင့်ရရှိစေရန်၊ ဂရင်း မာစတာနှင့် အင်တာနေရှင်နယ်မာစတာ စွမ်းဆောင်ရည်များရရှိစေရန် ရည်ရွယ်ထားကြောင်းသိရသည်။
“အားကစားကဏ္ဍဍမှာ ကျွန်တော်တို့က ဒေသနဲ့ ပတ်ဝန်းကျင်ကနေပြီးတော့ ထူးချွန်ထက်မြက်တဲ့ အား ကစားသမားကောင်းတွေ ပေါ်ထွက်လာစေပြီး နိုင်ငံ့ကိုယ်စားပြု၊ နိုင်ငံ့ကိုယ်စားပြုကနေပြီးတော့ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကောင်းတွေ ပေါ်ထွက်လာစေရန်ဆိုပြီး ရည်ရွယ်ပြီးတော့ စိုးအင်တာနေရှင်နယ် ၂၀၁၉ပွဲကို နိုင်ငံတကာ အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်မှုနဲ့ အတူ မြန်မာ့လက်ရွေးစင် မြန်မာ့ အားကစား သမားတစ်ရာကျော် ပါဝင်ယှဉ်ပြိုင် နိုင်ဖို့အတွက် ဒီပွဲကို ကျင်းပပေးရခြင်းဖြစ်ပါတယ်”ဟု စိုးလျှပ်စစ်ဖောင်ဒေး ရှင်း မှ အတွင်းရေးမှူး ဦးအောင်မြင့်ထွန်းက ပြောကြားသည်။ယခုနှစ်ပြိုင်ပွဲတွင် Grand Master ကစားသမားများအဖြစ် India မှ ၂ဦး၊ ဆားဘီးယားမှ ၁ဦး၊ ဥဇဘက် ကစ္စတန်မှ ၁ဦး၊ ဖိလစ်ပိုင်မှ ၁ဦး နှင့် International Master(နိုင်ငံတကာအဆင့်မှီများ) မှ ကစားသမားအများစု လာရောက်ကြမည်ဖြစ်ပြီး ၂၀၁၅ခုနှစ်က ရန်ကုန်တွင် ကျင်းပခဲ့သည့် အင်တာနေရှင်နယ် အိုးပင်းထက် ပိုပြီး အဆင့်မြင့်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဦးမောင်မောင်လွင်ကပြောကြားသည်။“၂၀၁၅ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အင်တာနေရှင်နယ် အိုးပင်းထက်ကိုပဲ ဒီပွဲက အဆင့်အများကြီးမြင့်ပါတယ်။ ပြိုင်ဆိုင်မှုလည်း ပိုပြီး ပြင်းထန်မှာပါ။ နောက်တစ်ခုက ပြည်တွင်းကစားသမားအရေအတွက်လည်း ပိုများပါ လိမ့်မယ်။ ဒီပွဲမှာ။ ဘာလို့ဆိုတော့ ၂၀၁၅ တုန်းက ပြည်တွင်းကစားသမား ၅၇ ယောက် ဝင်ပြိုင်ပါတယ်။ ဒီမှာက တော့ စာရင်းပေးပြီးသားကိုပဲ ၉ဝကျော်နေပါပြီ”ဟု ဦးမောင်မောင်လွင်က ပြောကြားသည်။Soe International Open 2019 ပြိုင်ပွဲတွင်ပထမဆုအဖြစ် အမေရိကန်ဒေါ်လာ သုံးထောင်၊ ဒုတိယဆု ဒေါ်လာ တစ်ထောင့်ခြောက်ရာ၊ တတိယဆု ၊ ဒေါ်လာ တစ်ထောင့်လေးရာမှ ၁၅ဆုမြောက်အထိ ဒေါ်လာ ၂၀ဝ အသီးသီးချီးမြှင့်သွားမည်ဖြစ်ပြီး အကောင်းဆုံး မြန်မာကစားသမားကို အမေရိကန် ဒေါ်လာ ခုနစ်ရာ မှ ဒေါ်လာ တစ်ရာထိ အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။ကစားရန် အချိန်တိုင်းတာမှုအနေဖြင့် တစ်ပွဲလျှင် မိနစ်ကိုးဆယ် ကြာမြင့်မည်ဖြစ်ပြီး တစ်ကွက်နှင့်တစ်ကွက် ရွှေ့ရန်ကြာချိန် စက္ကန့်သုံးဆယ်  ကြာမြင့်မည်ဖြစ်ကြောင်း အဆိုပါ စနစ်သည် ဆွစ်ဇာလန်နိုင်ငံမှ စနစ်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment