Wednesday, May 8, 2019

၂၀၁၈ ခုနှစ်အတွင်း ဆူဇူကီးက မြန်မာနိုင်ငံ ဈေးကွက်တွင် မော်တော်ယာဉ် အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ် ရောင်းချခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် ဈေးကွက်ရှိနေဟုဆို

၂၀၁၈ ခုနှစ်အတွင်း  ဆူဇူကီးမှ မြန်မာနိုင်ငံ ဈေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ် ရောင်းချခဲ့ကာ ယင်းပမာဏမှာ သတ်မှတ် ရည်မှန်းချက်ထက် ကျော်လွန် ရောင်းချခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံ အနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် ဈေးကွက်ရှိနေကြောင်း  Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki ၏ ပြောကြားချက်အရ သိရသည်။ “ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ယာဉ်အစီးရေ တစ်သောင်း ထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့တဲ့အတိုင်း ပြည့်မီ ကျော်လွန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ထုတ်လုပ် ရောင်းချခဲ့တဲ့ မော်တော်ကား အစီးရေက သုံးသန်း သုံးသိန်းကျော် ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို ကြည့်ရင် စီးပွားရေး တိုးတက်နေတာနဲ့အမျှ ကားအသစ် စီးရေပေါင်း တစ်သန်း ဝယ်ယူသုံးစွဲနိုင်တဲ့ ဈေးကွက် ရှိကြောင်းလည်း သိရပါတယ်။ ဆူဇူကီးဟာ ဆက်လက်ပြီး မြန်မာနိုင်ငံမှာ မော်တော်ကား ထုတ်လုပ်မှု အစီးရေ ချဲ့ထွင်သွားဖို့လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ဧပြီ ၂၆ ရက်က all-new Suzuki Ertiga ယာဉ်အမျိုးအစားသစ်ကို မြန်မာနိုင်ငံ ဈေးကွက်တွင် မိတ်ဆက်ပွဲတွင် ၏ Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki က ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ သီလဝါ စက်မှုဇုန်ရှိ ဆူဇူကီး မော်တော်ယာဉ်စက်ရုံမှ ထုတ်လုပ်သည့် ထိုင်ခုံ ခုနစ်ခုံပါ နောက်ဆုံးပေါ် all-new Suzuki Ertiga ယာဉ်အမျိုးအစားသစ် မိတ်ဆက်ပွဲအား အဆိုပါ စက်ရုံတွင် ဧပြီ ၂၆ ရက်က  ပြုလုပ်ခဲ့သည်။ အသစ် မိတ်ဆက်သည့် Ertiga မော်တော်ကား အသစ်သည် အရွယ်အစားအားဖြင့် ပိုမိုကြီးသွားရုံသာမက ဒီဇိုင်းအပိုင်းတွင်လည်း ပိုမိုကျော့ရှင်း ဆန်းသစ်ပြီး ခေတ်မီသော ကိုယ်ထည် ဒီဇိုင်းပါရှိပြီး ၁ ဒသမ ၅ လီတာ ဆလင်ဒါ လေးလုံးပါ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော အင်ဂျင်ကိုလည်း တပ်ဆင်ထားကြောင်း ဆူဇူကီးမြန်မာမော်တာ ကုမ္ပဏီလီမီတက်၏ မန်နေးဂျင်း ဒါရိုက်တာ Mr.Keiichi Asano ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အခု Ertiga ကားသစ်က အရင် Ertiga အမျိုးအစားတွေထက် အရွယ်အစား ပိုကျယ်၊ ပိုရှည်ပြီး ပိုလည်း မြင့်သွားပါတယ်။ ဒီနေ့ခေတ် ဝယ်ယူသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကားကိုယ်ထည်ကိုလည်း အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး freestanding touchscreen infotainment system လို့ ခေါ်တဲ့ ကားတွင်း ဖျော်ဖြေရေးစနစ်ကိုလည်း တပ်ဆင်ပေးထားပါတယ်။  Ertiga ကားသစ်ကို တခြား ကျွန်တော်တို့ရဲ့ နာမည်ကျော် ကားတွေဖြစ်တဲ့ Swift နဲ့ Ciaz တို့နဲ့ အလားတူပဲ ရန်ကုန် သီလဝါစက်မှုဇုန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ စက်ရုံမှာပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 Ertiga ကားသစ်ကို အဖြူရောင် (Pearl Snow Whit) ၊ အနက်ရောင် (Prime Cool Black) နှင့် အညိုရောင် (Pearl Glorious Brown) စသည့် အရောင် သုံးရောင်ဖြင့် ထုတ်လုပ်ထားပြီး ဧပြီ ၂၆ ရက်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အရောင်းပြခန်းများတွင် သွားရောက် ကြည့်ရှုလေ့လာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းပြင် ဆူဇူကီးနှင့် AYA ဘဏ်တို့ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ထားသည့် ခုနစ်နှစ် ကားအရစ်ကျပေးချေမှု “ AYA Super Suzuki Finance ” အစီအစဉ်မှ တစ်ဆင့်လည်း all-new Suzuki Ertiga အပါအဝင် မော်တော်ကားသစ်များကို ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခများ ပေးဆောင်ရန် မလိုအပ်ပဲ အရစ်ကျ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ သီလဝါ စက်မှုဇုန်ရှိ ဆူဇူကီး မော်တော်ယာဉ် စက်ရုံမှ ဆူဇူကီးကားသစ်များကို၂၀၁၈ ဇန်နဝါရီတွင် စတင် ထုတ်လုပ်ခဲ့ပြီး လက်ရှိတွင် တောင်ဒဂုံစက်မှုဇုန် နှင့် သီလဝါစက်မှုဇုန်ရှိ မော်တော်ယာဉ်စက်ရုံတို့မှ ၂၀၁၈ ခုနှစ်အတွင်း မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ် ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment