Wednesday, May 8, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကုန်းပိုင်း၊ ရေပိုင်းလုံခြုံအောင် ကြိုးစားဆောင်ရွက်နေသော်လည်း လုံခြုံမှုမရှိသေးသည့်အတွက် တရားမဝင် အဝင်အထွက်များရှိနေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဝန်ခံပြောကြား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကုန်းပိုင်း၊ရေပိုင်း လုံခြုံမှုရှိအောင် အစိုးရက ကြိုးစားဆောင်ရွက်နေသော်လည်း လုံခြုံမှု မရှိသေးသည့်အတွက် တရားမဝင် အဝင်အထွက်များ ရှိနေသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ခံပြောကြားသည်။



ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ Park Royal Hotel ၌ မေ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ဒီနိုင်ငံမှာ ထွက်တယ်၊ ဝင်တယ်ဆိုတာက ဒီနိုင်ငံမှာက နယ်စပ်ခြံစည်းရိုးဆိုတာကို ကျွန်တော်တို့ကနေပြီးတော့ ကုန်းပိုင်းရော၊ ရေပိုင်းရော လုံခြုံအောင် ကြိုးစားသော်လည်း မလုံသေးပါဘူး။ ကျွန်တော်တို့ဆီမှာ။ ဒါ ရှင်းရှင်းဝန်ခံရရင် မလုံခြုံတော့ အဝင်အထွက်တွေက အဲဒီလို ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဒါကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက ကျွန်တော်တို့ အစိုးရသစ်တက်ကတည်းက ခြံစည်းရိုးလုံအောင် ကြိုးစားပါ။ ပိုက်ဆံဘယ်လောက် ကုန်ပါစေဆိုပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ သို့သော်လည်း ဒါအတိုင်းအတာတစ်ခုအထိ အောင်မြင်ပြီ။ သို့သော်လည်း လိုအပ်နေသေးတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်းတွင်လည်းကောင်း၊ ယခု ဖြစ်ပွားနေသော ပဋိပက္ခများ အတွင်းတွင်လည်းကောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှ ဝင်ထွက်သွားလာမှုများရှိခဲ့ပြီး အစိုးရအနေဖြင့် ၎င်းတို့အား ပြန်လည်လက်ခံရန်အတွက် သဘောတူညီချက် အစီအစဉ်များ ရေးဆွဲရာတွင် ပြန်လည်ဝင်ရောက်လာသူများကို ပြန်လည်စစ်ဆေးရန်လုပ်ငန်းစဉ်အား ထည့်သွင်းခဲ့ရသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရှင်းလင်းပြောကြားသည်။

“ပြန်ဝင်လာတဲ့သူတွေ အကုန်လုံးကို ကျွန်တော်တို့ Verify လုပ်ရမယ်။ ဆိုလိုတာက ဒီလူတွေအကုန်းလုံးကို ဘယ်သူ့ကိုမှ ယုံတယ်၊ မယုံဘူး မဟုတ်ဘူး။ ဒါလုပ်ရမယ့် တာဝန်ရှိပါတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းမှ မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်လာသောသူများကို ဂုဏ်သိက္ခာရှိစွာဖြင့် ဆက်လက်နေ ထိုင်နိုင်ရေးအတွက် ပြန်လည်စိစစ်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်ထားပြီး ထိုသို့ ပြန်လည်စိစစ်ရာတွင် National Verification Process အား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ National Verification Process အား ဆောင်ရွက်ခြင်းသည် နိုင်ငံသားဖြစ်မှုအတွက် အစလမ်းစဉ်ဖြစ်ပြီး အလွန်အကျိုးရှိသောကိစ္စ ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

No comments:

Post a Comment