Wednesday, May 8, 2019

လျှပ်စစ်ထုတ်လုပ်ရန် တင်ဒါအောင်ထားသည့် ကိုရီးယားကုမ္ပဏီကပျက်ကွက်မှုကြောင့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီအနေဖြင့် တစ်ယူနစ် ကျပ် ၂၆၀ ဖြင့် လျှပ်စစ်မီးမဖြန့်ဝေနိုင်တော့ကြောင်း သိရ

လျှပ်စစ်ထုတ်လုပ်ရန် တင်ဒါအောင်ထားသည့် ကိုရီးယားကုမ္ပဏီ၏ ပျက်ကွက်မှုကြောင့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီအနေဖြင့် တစ်ယူနစ်လျှင် ကျပ် ၂၆၀ ဖြင့် လျှပ်စစ်မီး ဖြန့်ဝေနိုင်တော့ကြောင်း စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။ လျှပ်စစ်မီးဈေးနှုန်း ကြီးမြင့်စွာဝယ်ယူသုံးစွဲနေရသည့် မြိတ်မြို့အတွက် လျှပ်စစ်မီးကို HFO ဖြင့် ထုတ်လုပ်ကာ တစ်ယူနစ်လျှင် ကျပ် ၂၆၀ ဖြင့် ဖြန့်ဖြူးရန် မြိတ်စိမ်းလန်းစွမ်း အင်ကုမ္ပဏီက တင်ဒါအောင်ထားပြီး ယခုမေလတွင် ပြည်သူများ စတင်သုံးစွဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ သို့ရာတွင် HFO ဖြင့် လျှပ်စစ်မီးထုတ်လုပ်ရန် MIC ခွင့်မပြုဟုဆိုကာ ကိုရီးယားကုမ္ပဏီက နောက်ဆုတ်သွား၍ ပြည်သူများအနေဖြင့် တစ်ယူနစ်လျှင် ကျပ် ၃၈၀ ဖြင့် ဈေးနှုန်းကြီးမြင့်စွာ ဆက်လက်သုံးစွဲနေရကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီမှ မေ ၅ ရက်တွင် မီဒီယာများအား ခေါ်ယူရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရဆီကနေ ၂၆ ရက် ၁၀ လ ၂၀၁၈ မှာ ဘိတ်ဒေသအတွက် HFO နဲ့ လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးဖို့ ကျွန်တော်တို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ HFO နဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ကို ထုတ်လုပ်ရေးအပိုင်းက  ကိုရီးယားနိုင်ငံခန်းကုမ္ပဏီက တာယူတာပေါ့။ ကျွန်တော်တို့ MPC (မြိတ်အများပိုင်) နဲ့ GGE ကုမ္ပဏီနှစ်ခုပေါင်းပြီး လုပ်ထားတဲ့  Join Vancher ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီကနေ ဖြန့်ဖြူးရေးအပိုင်းကို တာဝန်ယူလုပ်ဆောင်ရတယ်။ ကိုရီးယား ခန်းကုမ္ပဏီအနေနဲ့ ခြောက်လအတွင်း မေလအစပိုင်းကနေ စလုပ်ပေးရတော့မယ်။ သူတို့က အချိန်မီမလုပ်ဆောင်နိုင်ခဲ့ဘူး။ ထုတ်လုပ်ရေးအပိုင်းကိုပေါ့။  သူတို့ဘက်က အကြောင်းပြချက်ကို စုံစမ်းကြည့်တော့ HFO ကို MIC က ခွင့်ပြုချက်မရနိုင်ဘူးဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ သူက ဒေါ်လာသန်း ၂၀ မှ ၃၀ အထိ ရင်းနှီးမယ့်ကိစ္စကို နည်းနည်းလေးတွန့် ဆုတ်သွားတယ်။ အဲဒီအခြေအနေကြောင့် ခြောက်လအတွင်းမှာ ထုတ်လုပ်ဖြန့်ဖြူးမယ့် အခြေအနေက မဖြစ်လာဘူးပေါ့။ ဒါကြောင့် ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရကို တင်ပြခဲ့တယ်။ ဒါကတော့ ထုတ်လုပ်ရေးအပိုင်းပေါ့။ ဖြန့်ဖြူးရေးအပိုင်းကတော့ ကျွန်တော်တို့ကုမ္ပဏီကနေ တာဝန်ယူတယ်။ ဖြန့်ဖြူးရေးအပိုင်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ဒီဇယ်အင်ဂျင်အသုံးပြုပြီး ဖြန့်ဖြူးရေးအပိုင်းကို လုပ်ဆောင်ထားပါတယ်။ စာချုပ်အရဆိုရင် ဧပြီလအကုန် မေလဆန်းကျရင် HFO နဲ့ လျှပ်စစ်ထုတ်လုပ်ရမယ့်ကာလဖြစ်တယ်။ စည်းကမ်းအရဆိုရင် ဒီကာလအတွင်းမှာ မထုတ်လုပ်နိုင်တဲ့အတွက် တိုင်းဒေသကြီးအစိုးရဆီမှာ သွားပြီးတော့တင်ပြတယ်။ တင်ပြတာက ကျွန်တော်တို့ကဏ္ဍဍပေါ့။ ကျန်တဲ့ကဏ္ဍဍက တိုင်းဒေသကြီးအစိုးရက စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆောင်ရွက်မှာပေါ့” ဟု မြိတ်စိမ်းလန်းစွမ်းအင်စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။

ပြည်သူများအနေဖြင့် ဧပြီလအတွက် သုံးစွဲထားသည့် လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ကျပ် ၃၈၀ ဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး မေလအတွက်သုံးစွဲသည့် လျှပ်စစ်မီးကို HFO ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ်လျှင် ကျပ် ၂၆၀ ဖြင့်သာ ပေးဆောင်ရန်ရှိသော်လည်း ကုမ္ပဏီအနေဖြင့် တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွန်ချက်စီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ဆိုသည်။

“တိုင်းဒေသကြီးအစိုးရအနေနဲ့ HFO နဲ့ လုပ်ပိုင်ခွင့်ရအောင် ထောက်ခံချက်ပေးပြီး  ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆက်လက်ကြိုးစားလုပ်ဆောင်ပေးမှာပါ။ ကျွန်တော်တို့က ဒီလုပ်ငန်းရပ်လိုက်တာတော့ မဟုတ်ပါဘူး။ ပုံမှန် Plan အတိုင်းသွားနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတာက သိန်းပေါင်း ၁၈၀ဝ၀ အထိရှိပါတယ်။ လုပ်ငန်းက ကျွန်တော်တို့ရပ်မှာ မဟုတ်ပါဘူး။ စာချုပ်က ဒီလအတွင်းမှာ အပြီးဖြန့်ဝေပေးရမှာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ မဆောင်ရွက်ပေးနိုင်တဲ့အနေအထား ဖြစ်ခဲ့တဲ့အတွက် တိုင်းအစိုးရကို သွားရောက်တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဆီတစ်ဂါလန်ကို ၁၀ ယူနစ်နဲ့စားပြီး ပေးလာခဲ့တယ်။ အခု လောင်စာဆီဈေးနှုန်းက တစ်ပီပါကို ကျပ် ၂၁၄၂၀ဝ ရှိလာတဲ့အပေါ်မှာ လျှပ်စစ်မီးတစ် ယူနစ်ကို ၄၆၅ ကျပ်အထိ ပေးရမယ့်အနေအထား ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ယူနစ်ကို ၃၈၀ နဲ့ ပေးတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ပဲတွက်တွက် အကျိုးအမြတ်မရှိပါ ဘူး။ ရေရှည်မှာ မီးလင်းရေးကို တိတိကျကျဖန်တီးတည်ဆောက်နိုင်အောင် ဆက်လုပ်သွားမှာပါ။ လုပ်ပိုင်ခွင့်ရရှိရင်ပေါ့” ဟု ဦးမျိုးအောင်က ဆက်လက်ပြောကြားသည်။

မြိတ်အများပိုင်၏ လုပ်ငန်းတစ်ခုဖြစ်သော မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီအနေဖြင့် တင်ဒါအောင်ထားသည့် အတိုင်းမေလအတွက် လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ် ၂၆၀ ဖြင့်ပေးရန်သာ ပြည်သူများ လိုလားနေပြီး ကုမ္ပဏီဘက်ကမူ ကိုရီးယားကုမ္ပဏီ၏ပျက် ကွက်မှုနှင့် HFO ဖြင့် လျှပ်စစ်ထုတ်လုပ်ရန် MIC မှ ခွင့်မပြုမှုတို့ကို တိုင်းအစိုးရက စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

No comments:

Post a Comment